ဥရောပမှာ ရောင်းတဲ့ Xiaomi Mi 10 Pro (Global) ဘူးခွံမှာ “ သင် အသုံးများဆုံး Google Apps တွေကို အလွယ်တကူ သုံးနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ဒါဟာ Google Services မပါတဲ့ Huawei ရဲ့ ဖုန်းတွေကို လှောင်ပြောင်လိုက်တာပါ။ ဖုန်း ကုမ္ပဏီတွေဟာ ၁ ခုနဲ့ ၁ ခု အားနည်းချက်လိုက်ရှာပြီး လှောင်ပြောင်တိုက်ခိုက်နေကျပါ။ အခုတော့ Xiaomi ဟာ Google Services နဲ့ Apps တွေ မပါတဲ့ Huawei ကို လှောင်ပြောင်လိုက်တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

အရင်က Xiaomi ဟာ တခြား ကုမ္ပဏီတွေကို ဒီလိုလှောင်ပြောင်တာ ရှားပါတယ်။ ထိပ်တန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Samsung , Huawei နဲ့ Apple တို့သာ အပြန်အလှန်လှောင်ပြောင်နေကြတာပါ။ အခုတော့ Xiaomi ဟာလည်း စွမ်းရည်မြင့် ဖုန်း နယ်ပယ်မှာ နာမည်ရလာတဲ့အတွက် ဒိတ်ဒိတ်ကြဲ ကုမ္ပဏီတွေကို စတင် တိုက်ခိုက်လာတာပါ။

နောက် ၁ ပတ်မှာ ရောင်းမယ့် Huawei P40 Series မှာ Google Services , Apps နဲ့ Google Play Store တွေ မပါလာပါဘူး။ Huawei ကိုယ်တိုင် ဖန်တီးထားတဲ့ Mobile Services နဲ့ Huawei AppGallery အမည်ရ App Store တွေပဲ ထည့်ထားပါတယ်။ Mi 10 Pro နဲ့ P40 Pro တို့ကို ဥရောပမှာ တူညီတဲ့ ယူရို ၁,၀၀၀ နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၁၅ သိန်းလောက်ရှိပါတယ်။

Xiaomi ဟာ မကြာခင်ကပဲ တတိယ အကြီးဆုံး ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။ အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ပင်မှု မတိုင်ခင်မှာ Huawei ဟာ တတိယ နေရာကို သိမ်းပိုက်ထားတာပါ။ အခုတော့ Huawei ရဲ့ ဖုန်းတွေဟာ နိုင်ငံတကာဈေးကွက်မှာ ရောင်းအားကျလာပါတယ်။ Strategy Analytics ရဲ့ စစ်တမ်းအရ Xiaomi ဟာ ၂၀၂၀ ဖေဖော်ဝါရီမှာ Huawei ကို ကျော်တက်သွားပါတယ်။ ဇန်နဝါရီလမှာ Samsung က ဖုန်းရောင်းအား ၁၈.၂ သန်းနဲ့ Apple က ၁၀.၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi က ၆ သန်းနဲ့ Huawei ရဲ့ ၅.၅ သန်းကို ကျော်တက်သွားခဲ့ပါတယ်။

Ref : gizchina