ပြီးခဲ့တဲ့ ၂ ရက်ကတည်းက တရုတ်မှာ Xiaomi  Mall နဲ့ JD.com ကနေ  Xiaomi Mi 10 Series အတွက် အမှာစာတင်သွင်းခွင့် ပြုလုပ်ပေးလိုက်ပါတယ်။ လာမယ့် ၁၃ ရက်နေ့မှာ အွန်လိုင်းမှာ ပြုလုပ်မယ့် မိတ်ဆက်ပွဲ မတိုင်ခင် အမှာစာ တင်သွင်းခွင့်ပြုလိုက်တာဖြစ်ပြီး အမှာစာဟာ ကြိုတင်မှာယူတာနဲ့ မတူပါဘူး။ ကြိုတင်မှာယူသူတွေက ဖုန်း ရဖို့ သေချာပြီး အမှာစာ တင်သွင်းထားသူတွေကို ဖုန်း ရောင်းမယ့် အချိန်ကိုပဲ အသိပေးမှာပါ။  အခုတော့ ရက်ပိုင်းအတွင်းမှာပဲ Mi 10 Series ကို အမှာစာတင်ထားသူ ၁.၅ သန်းကျော်သွားပြီလို့ သိရပါတယ်။

Mi 10 Series မှာ Mi 10 နဲ့ Mi 10 Pro တို့ ပါဝင်ပြီး တချို့ကလည်း အနောက်ဘက် ဖောက်ထွင်း မြင်ရတဲ့ Mi 10 Explorer Edition ထွက်မယ်လို့ ပြောနေကြပါတယ်။ Mi 10 Series ရဲ့ ပထမဆုံး Official Poster အရ Mi 10 မှာ ကွေးညွှတ်မျက်နှာပြင်နဲ့ ဘယ်ဘက်ထိပ်နားမှာ Punch Hole ၁ ခု ပါလာမှာပါ။ Mi 10 Pro မှာလည်း ဒီလို မျက်နှာပြင်ပဲ ထည့်ထားမှာပါ။

Mi 10 ရဲ့ အနောက်ဘက်ဟာ Mi Note 10 Series နဲ့ တူပါတယ်။ Mi 10 မှာ အနောက်ကင်မရာ ၄ လုံးနဲ့ Mi 10 Pro မှာ ၅ လုံး ပါလာနိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Mi 10 Series တွေမှာ 108MP ပင်မ ကင်မရာ ၊ LPDDR5 RAM ၊ UFS 3.0 Storage နဲ့ WiFi 6 တို့လို အလန်းစား လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ 90Hz Refresh Rate ပါတဲ့ OLED မျက်နှာပြင် ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ Liquid Cooling နည်းပညာနဲ့ 66W Fast Charging တွေ ထည့်ထားနိုင်ပါတယ်။

Mi 10 ရဲ့ 8/128GB မော်ဒယ်ကို ၄,၂၀၀ ယွမ် သတ်မှတ်ထားနိုင်ပြီး မြန်မာငွေ ၈ သိန်း ၇ သောင်းလောက်ရှိနိုင်ပါတယ်။ Mi 10 Pro က ၅,၀၀၀ ယွမ်အထက် ရှိနိုင်ပြီး ၁၀ သိန်းကျော်နိုင်ပါတယ်။ ဈေးသိပ်မကြီးတဲ့ Xiaomi ရဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်တဲ့ Redmi K30 Pro 5G ကို နောက်လမှာ ကြေညာနိုင်ပြီး ၇ သိန်းကျော်လောက်ပဲရှိနိုင်ပါတယ်။

Ref : gizmochina