Xiaomi Mi 10 Series တွေကို မကြာခင်ကပဲ ကြေညာခဲ့ပြီး အလန်းစား Snapdragon 865 Chipset ထည့်သွင်းထားတဲ့ စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေကို တရုတ်မှာ ရောင်းပေးထားပြီး အခုတော့ Xiaomi ရဲ့ သတင်းထုတ်ပြန်ချက်အရ ပထမအသုတ်ဟာ ၁ မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။ ရောင်းချရတဲ့ အလုံးရေကို မသိရပေမယ့် ယွမ် သန်း ၂၀၀ ဖိုး ရောင်းချရတယ်လို့ သိရပါတယ်။

Xiaomi CEO Lei Jun က Mi 10 Series တွေ ထုတ်လုပ်ရောင်းချတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။ သူက မရောင်းခင် ၁ လလောက်အလိုကတည်းက လုံလုံလောက်လောက် ထုတ်လုပ်ထားတယ်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် စက်ရုံ လုပ်ငန်းတွေဟာ ဖေဖော်ဝါရီလမှာ နှောင့်နှေးနေတဲ့အတွက် လာမယ့် ၁ ပတ် ၊ ၂ ပတ်လောက်မှာ ထုတ်လုပ်မှု နည်းသွားနိုင်ပါတယ်။

စမတ်ဖုန်း ဈေးကွက်မှာ ရောင်းအား ကျဆင်းနေပေမယ့် Xiaomi Mi 10 Series တွေက စစထွက်ချင်းမှာကတည်းက ရောင်းကောင်းနေပါတယ်။ Xiaomi ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာ သက်သေပြနေပါတယ်။ Lei Jun က စွမ်းရည်မြင့် ဖုန်းတွေကို ဈေးချိုချိုနဲ့ ကိုင်နိုင်အောင် Mi 10 Series တွေကို ဖန်တီးထားတာပါလို့ ပြောပါတယ်။

Mi 10 ရဲ့ 8/128GB ကို ၃,၉၉၉ ယွမ်၊ 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၃ သောင်း၊ ၈ သိန်း ၉သောင်းနဲ့ ၉ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Mi 10 Pro အတွက် 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပြီး ၄,၉၉၉ ၊ ၅,၄၉၉ နဲ့ ၅,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်း ၄ သောင်း၊ ၁၁ သိန်း ၄ သောင်းနဲ့ ၁၂ သိန်း ၅ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gizchina