AnTuTu က ဩဂုတ်လရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ လကမှ ပူပူနွေးနွေး ကြေညာလိုက်တဲ့ Xiaomi Mi 10 Ultra ဟာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 865 Chip , 16GB LPDDR5 RAM နဲ့ 512GB  UFS 3.1 Storage တွေ အပါအဝင် ကမ္ဘာ့ ပထမဆုံး နည်းပညာတွေ ထည့်သွင်းထားပါတယ်။ မြန်ဆန်တဲ့ MIUI 12 Software ကြောင့် သရဖူကို ဆွတ်ခူးနိုင်ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Mi 10 Ultra ဟာ အရမ်းမိုက်တဲ့ ၆၄၆,၇၃၀ မှတ်ရသွားပြီး Snapdragon 865 ပါတဲ့ iQOO 5 က သိပ်မကွာတဲ့ ၆၃၇,၆၁၆ မှတ်နဲ့ နံပါတ် ၂ နေရာကို ရထားပါတယ်။ iQOO 5 အတွက် 120Hz Refresh Rate နဲ့ 55W Fast Charging တွေ ထည့်သွင်းထားပါတယ်။

နံပါတ် ၃ နေရာကို Asus ROG Phone 3 က ရထားပြီး လက်ရှိ နောက်ဆုံးထုတ် Snapdragon 865 Plus ထည့်ထားပေမယ့် နံပါတ် ၁ နေရာ မရတာ အံ့အားသင့်စရာပါ။ Black Shark 3S နဲ့ Vivo X50 Pro+ တို့က နံပါတ် ၄ နဲ့ ၅ နေရာကို အသီးသီး သိမ်းပိုက်ထားပါတယ်။ ဇူလိုင်လက AnTuTu မှာ စွမ်းရည်အမြင့်ဆုံး ဖြစ်ခဲ့တဲ့ OPPO Find X2 Pro က နံပါတ် ၆ နေရာအထိကို ဆင်းပေးလိုက်ရပါတယ်။ လစဉ်လတိုင်းလိုလို စွမ်းရည်မြင့် ဖုန်းတွေ ထွက်လာတဲ့ စမတ်ဖုန်း နယ်ပယ်မှာ ချန်ပီယံဘွဲ့ဆိုတာ မမြဲပါဘူး။ Xiaomi Mi 10 Ultra ရဲ့ ချန်ပီယံဘွဲ့ကို ဘယ်သူ လုယူမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

Ref : notebookcheck