Xiaomi ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Manu Kumar Jain ဟာ Xiaomi Mi 10i 5G ရဲ့ Teaser campaign မှာ ပူးပေါင်းပါဝင်လာတာကိုတွေ့ရပါတယ်။ သူဟာ တွစ်တာမှာ Mi 10i အကြောင်းကို ဗီဒီယိုနဲ့အတူ ပြောဆိုခဲ့ပါတယ်။ Mi 10, Mi 10T, Mi 10T Pro, Mi 10T-Lite စတာတွေနဲ့အတူ Mi 10 မိသာစုဟာ အတော်လေးကို ကြီးမားနေပြီပဲ ဖြစ်ပါတယ်။

Mi 10i ကတော့ အိန္ဒိယဈေးကွက်အတွက် သီးသန့်ထုတ်လုပ်လိုက်တာလို့ သိရပါတယ်။ မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ Teaser တွေအရ Mi 10i ဟာ 5G စမတ်ဖုန်းဖြစ်ပြီး Snapdragon 750G chipset အသုံးပြုထားသလို၊ 108MP ကင်မရာကိုလည်း တပ်ဆင်ထားတာကို သိခဲ့ရပါတယ်။ ဒီစမတ်ဖုန်းအကြောင်း တရားဝင်ကြေညာမှုကိုတော့ လာမယ့် ဇန်နဝါရီလ ၅ ရက်နေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Teaser အရ Mi 10i ဟာ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားကြောင်း သိနိုင်ပါတယ်။ ကင်မရာဘောင်တွင်းမှာရေးထိုးထားတဲ့ စာတန်းနှစ်ကြောင်းကတော့ “108MP AI camera” နဲ့ “Built of 5G” ဆိုတာတွေပဲ ဖြစ်ပါတယ်။ Xiaomi ဟာ ISOCELL HMX 108MP sensor ကို ပထမဆုံး အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ Jain ကတော့ ဒါဟာ Sensor သစ် ဖြစ်တယ်လို့ပဲ ဆိုပေမယ့်၊ သူပြောတာက စက်တင်ဘာလတုန်းက Samsung ပွဲထုတ်ခဲ့တဲ့ HM2 အကြောင်း ဖြစ်နိုင်ပါတယ်။ (အဓိကကွာခြားချက်က HMX လို 4-in-1 အစား 9-in-1 binding ဖြစ်လာတာပါ)

Mi 10i မှာအသုံးပြုမယ့် Snapdragon 750G chipset ကို စက်တင်ဘာလမှာမိတ်ဆက်ခဲ့တာဖြစ်ပြီး Mi 10T-Lite မှာ ပထမဆုံးအသုံးပြုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mi 10i ဟာ Redmi Note9 Pro 5G ကို နာမည်ပြောင်းထားတာဖွယ်ရှိတယ်လို့ဖော်ပြထားတဲ့ ကနဦးသတင်းတွေကိုလည်း ဖယ်ထားလို့မဖြစ်ပါဘူး။

ဒါကြောင့် Mi 10i ဟာ 6.67-inch IPS LCD, HDR 10 နဲ့ 120Hz refresh rate ထောက်ပံ့ထားတဲ့ မျက်နှာပြင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် 4,820mAh ဘက်ထရီနဲ့ 33W ကြိုးတပ်အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့လာနိုင်ပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်ရက်ပိုင်းအတွင်းပြုလုပ်မယ့် တရားဝင်ကြေညာမှုမှာ သိလာရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena