Xiaomi Mi 11 Series ကို ကြေညာဖို့ တော်တော် နီးကပ်လာပြီ ဖြစ်ပြီး မိတ်ဆက်မယ့် နေ့ရက် သတင်းတွေ အမျိုးမျိုး ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုနောက်ဆုံး သတင်းထွက်လာတာက ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖြစ်ပြီး အခုတော့ Mi 11 Pro ရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Mi 11 Pro schematic

ပေါက်ကြားထွက်ပေါ်လာတဲ့ Xiaomi Mi 11 Pro ရဲ့ ပုံကြမ်းအရ ထောင့်ဖြတ်အတိုင်းအတာဟာ ၁၇၁.၇၇ မီလီမီတာ ဖြစ်ပြီး လက်မနဲ့တွက်ရင် မျက်နှာပြင် အရွယ်အစားဟာ ၆.၇၆ လက်မ ဖြစ်ပါတယ်။ ဒါဟာ မျက်နှာပြင် ဘေးဘောင်တွေကို ထည့်သွင်းတွက်ချက်ထားတာ မဟုတ်ပါဘူး။ Mi 10 Pro 5G ရဲ့ မျက်နှာပြင် အရွယ်အစားထက် Mi 11 Pro က ၀.၀၉ လက်မ ပိုပြီး ကြီးမားလာတာ ဖြစ်ပါတယ်။ အရင် သတင်းတွေအရ မျက်နှာပြင်ဟာ QHD+ Resolution နဲ့ 120Hz Refresh Rate ထည့်သွင်းထားမယ်လို့ သိရပါတယ်။

A tempered glass for Mi 11

အခုပုံကြမ်းမှာ Xiaomi Mi 11 Pro ရဲ့ တခြား သတင်းအချက်အလက်တွေကို များများစားစား မဖော်ပြထားပါဘူး။ စမတ်ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင် ဒီဇိုင်းကိုပဲ လေ့လာခွင့်ရပြီး တခြား အစိတ်အပိုင်းတွေကို မမြင်ရပါဘူး။ အရင်ကလည်း အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာခဲ့ပြီး လေးဘက်လေးတန်ဟာ ကွေးညွှတ်နေတာ မြင်ရပါတယ်။

Xiaomi Mi 11 Pro ဟာ Qualcomm ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 888 Chipset ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်း မှန်၊ မမှန်ကိုတော့ နောက် ၁၀ ရက်လောက် အကြာမှာ တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena