အခုနှစ်အစောပိုင်းက Mi Band 4 ရဲ့ ဆက်ခံသူကို ဇွန်လလောက်မှာမြင်ရမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီနေ့မှာ Xiaomi ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Huami မှ သူတို့ရဲ့ Weibo အကောင့်ကနေ Mi Band 5 ကို ၂၀၂၀ ခုနှစ်အတွင်းမြင်ရဖို့ အတည်ပြုပေးခဲ့ပါတယ်။

Huami ကုမ္ပဏီဟာ Amazfit ထုတ်ကုန်လိုင်းအတွက်လည်း အဖွဲ့ဝင်သစ်ထုတ်ဖို့ မကြာသေးခင်က အတည်ပြုပေးထားခဲ့ပြီး Amazfit Ares အမည်ရထုတ်ကုန်သစ်ကို လာမယ့်လအနည်းငယ်အတွင်းမှာမြင်ရနိုင်ပါတယ်။

Amazfit Ares နဲ့ပတ်သက်တဲ့ သတင်းထွက်လာတာကတော့ Huawei App ပေါ်က အဆိုပါ Wearable ထုတ်ကုန်သစ်ကို တရုတ်ပြည်တွင်းသုံးစွဲသူတစ်ချို့ သတိထားမိရာက စတင်ခဲ့တာပါ။ Huami ကလည်း Leak သတင်းကို ပြန်လည်ဖြေရှင်းခဲ့ပြီး ဒီလိုစာရင်းတင်မိခဲ့တာ အမှားဖြစ်ကြောင်းနဲ့ ဒီထုတ်ကုန်ကို အခုနှစ်နှောင်းပိုင်းမှာ မြင်ရလိမ့်မယ်လို့ တုံ့ပြန်ခဲ့ထားပါတယ်။

ဒါ့အပြင် Amazfit Ares မှာ အားကစားနည်း ၇၀ မျိုးလောက်အတွက် သီးသန့် Mode တွေနဲ့အတူ “Urban Outdoor” ခပ်မိုက်မိုက်အကြမ်းခံစတိုင်ကို မြင်ရမယ်လို့ Huami က ဆိုပါတယ်။ ကျန်တဲ့အချက်အလက်တွေကိုတော့ အတည်မပြုသေးပါဘူး။

Xiaomi Mi Band 5 နဲ့ပတ်သက်ရင်တော့ Huami က ပိုပြီးနှုတ်ဆိတ်နေပါတယ်။ သူ့မှာပါလာမယ့် အချက်အလက်တွေနဲ့ မိတ်ဆက်ရက်တို့ကို အတည်ပြုပေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သတင်းထွက်ထားတာကတော့ Mi Band အသစ်မှာ 1.2” AMOLED Display, NFC နဲ့ ၁၇၉ ယွမ် (မြန်မာငွေ သုံးသောင်းခွဲခန့်) သာရှိတဲ့ ဈေးနှုန်းတို့ ပါဝင်လာဖို့ ဖြစ်ပါတယ်။

Ref – Android Authority