Xiaomi ဟာ သူတို့ရဲ့ နာမည်ကြီး Mi Band စီးရီးအတွက် အဖွဲ့ဝင်သစ် Mi Band 5 ကို လာမယ့်ဇွန်လ ၁၁ ရက်နေ့မှာ ကြေညာဖို့ အသင့်ဖြစ်နေပါပြီ။

လက်ရှိသိထားရသလောက်ကတော့ Mi Band 5 မှာ 1.2” AMOLED Display ပါဝင်မှာဖြစ်ပြီး အသက်ရှုနှုန်းနဲ့ Stress Tracking အတွက် SpO2 Sensor အသစ်လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ Xiaomi ရဲ့တရားဝင် Smart Life Weibo အကောင့်ကနေ မကြာခင်ထွက်လာမယ့် Fitness Band ရဲ့ အရောင်လေးမျိုးနဲ့ ပိုစတာကို တင်လာခဲ့တာကြောင့် သူ့မှာ Green, Red, Yellow နဲ့ Black အရောင်တွေ ရရှိနိုင်မယ်ဆိုတာ သိလာရပါတယ်။

ဒီဇိုင်းပိုင်းမှာ အရင် Mi Band 4 နဲ့ဆင်တူပြီး Panel ရဲ့အောက်ဘက်မှာ Home Button ထည့်ထားတဲ့ စတိုင်ကို ဆက်လက်သုံးစွဲလာတာလည်း မြင်ရမှာပါ။ သူတို့ရဲ့ပိုစ့်ထဲမှာ ဒေသစံတော်ချိန် နေ့လည်နှစ်နာရီမှာ မိတ်ဆက်ပွဲကို ပြုလုပ်မယ်လို့လည်း တွေ့ရပါတယ်။

မကြာခင်က ကြားသိရတဲ့ သတင်းထဲမှာတော့ Mi Band 5 ဟာ တွဲဖက်ထားတဲ့ ဖုန်းရဲ့ ကင်မရာကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အဝေးထိန်း Shutter အဖြစ် အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ယောဂ၊ အိမ်တွင်းလေ့ကျင့်ခန်း စတဲ့ Fitness Tracking Mode အသစ်ငါးမျိုးလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံတကာဗားရှင်း Mi Band 5 တွေမှာ ပထမဆုံးအဖြစ် Amazon ရဲ့ AI Assistant Alexa လည်း ပါဝင်လာမှာပါ။

Ref – GSMArena