Xiaomi ရဲ့ Android TV Box Series ဖြစ်တဲ့ Mi Box Series ဟာ အခုဆိုရင် အသုံးပြုသူတွေအများအပြားရှိနေပြီဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ပြောနိုင်တဲ့ Mi Box 4S Pro ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အခု Xiaomi Mi Box 4S Pro ရဲ့ ထူးခြားချက်အနေနဲ့ကတော့ 4K Video တွေကို 8K Video အဖြစ်ပြောင်းလဲ Decode ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ HDMI Version ကိုလည်း HDMI 2.1 အဖြစ် အဆင့်မြှင့်တင်ထားသလို Storage ကလည်း 8GB ကနေ 16GB အထိ တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

Design ပိုင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Box 4 နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ Performance ပိုင်းမှာတော့ 64-bit Quad-core Amlogic S5905X Chipset ကိုမှ Mali 450 GPU နဲ့ ပေါင်းစပ်ထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 2GB ပါဝင်မှာဖြစ်ပြီး Dual Band Wi-Fi 5 ၊ Bluetooth 4.3 ၊ USB 2.0 နဲ့ 3.5mm Headphone Jack တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi Box S Pro ဟာ Android 6.0 Marshmallow OS ကိုမှ ကိုယ်ပိုင် PatchWall UI နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ၃၉၉ ယွမ် (မြန်မာငွေ ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး Global Version ထွက်ရှိလာနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China