Xiaomi ကနေ အခုဆိုရင် Android Smart TV တွေကို ထုတ်လုပ်နေတာနှစ်အတော်ကြာသွားပြီလို့တောင် ပြောလို့ရပါတယ်။ Mi TV တွေဟာ စျေးနှုန်းသက်သာတဲ့အပြင် ရွေးချယ်စရာများပြားတဲ့အတွက် စျေးကွက်အတော်များများမှာ လူကြိုက်များအောင်မြင်နေတာလည်းဖြစ်ပါတယ်။

အခုလည်း Xiaomi ရဲ့ တရားဝင် Weibo စာမျက်နှာကနေတစ်ဆင့် ၂၀၂၀ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ Xiaomi Mi TV ရောင်းချရမှုက တရုတ်နိုင်ငံတွင်း အဆင့် (၁) ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mi TV ဟာ ၃ လပတ် (၆) ပတ်ဆက်တိုက်ကို အဆင့် (၁) နေရာရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက တရုတ်နိုင်ငံအတွက် Mi TV တင်ပို့မှုတွေနဲ့ ရောင်းချရမှု ၂ ခုစလုံးမှာ အဆင့် (၁) စတင်ရရှိခဲ့တာဖြစ်ပြီး ၁ နှစ်အတွင်း အလုံးရေ ၁၀.၄၆ သန်းခန့်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံ TV စျေးကွက်မှာ ပထမဆုံးအနေနဲ့ တစ်နှစ်ကို TV အလုံးရေ ၁၀ သန်းအထက် ရောင်းချနိုင်တဲ့ပထမဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ Mi TV တွေဟာ ဆက်လက်အောင်မြင်နေဦးမှာဖြစ်သလို အခုလည်း စျေးပိုသက်သာတဲ့ Redmi TV တွေကိုပါ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်တုန်းကလည်း Flagship TV Series ဖြစ်တဲ့ Mi Master OLED 65″ TV ကိုပါ မိတ်ဆက်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ စျေးနှုန်းမြင့်မားပြီး Quality ကလည်း ထိပ်တန်းအဆင့်ရှိတဲ့ TV တွေကိုပါ ထုတ်လုပ်သွားတော့မှာပါ။

Ref – Giz China