Xiaomi Mi 7 ဟာ လာမယ့် ၂၀၁၈ ခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ကြေငြာသွားမှာဖြစ်ပါတယ်။ ထွက်ရှိလာမယ့်အချိန်ကိုတော့ လာမယ့် ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလ ဆိုပြီးပြောဆိုနေကြတဲ့အပြင် ပါဝင်လာမယ့် Specifications တွေလည်း ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် Xiaomi Mi 7 စမတ်ဖုန်းမှာ အဓိကပြောင်းလဲသွားမှာကတော့ Display ပဲဖြစ်လာမယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Mi 7 မှာ အခုနောက်ပိုင်းခေတ်စားလာတဲ့ Screen အပြည့်ဖြစ်လာမယ့် 6.01″ အရွယ်အစားရှိတဲ့ 18:9 Full View Display ကို သုံးစွဲလာမှာဖြစ်လို့ပါ။ ဒါက Xiaomi ရဲ့ အရင်ဖုန်းတွေဖြစ်တဲ့ Mi 5 နဲ့ Mi 6 တို့ရဲ့ 5.15″ အရွယ် Display နဲ့ယှဉ်ရင် တော်တော်လေးကိုကြီးမားလာတယ်လို့ ပြောလို့ရပါတယ်။

နောက်တစ်ခုပြောင်းလဲသွားမှာကတော့ ကင်မရာပိုင်းပဲဖြစ်ပါလိမ့်မယ်။ Xiaomi Mi 6 မှာ ကောင်းမွန်တဲ့ Dual 12 MP Camera တွေကို အသုံးပြုခဲ့သလိုပဲ Mi 7 မှာလည်း ပိုပြီးကောင်းတဲ့ 16 MP Dual Camera တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Selfie Camera ကိုလည်း AI Beauty ပါဝင်တဲ့ Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။

အခြားသော Xiaomi Mi 7 မှာ ပါဝင်လာမယ့် Features တွေကတော့ Qualcomm Snapdragon 845 CPU, RAM 6GB နဲ့ 3D Face Unlocking စနစ်တွေပါဝင်လာမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့လည်း သက်သာတဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲ ကျသင့်မှာပါ။