Xiaomi ရဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက စမတ်ဖုန်းရောင်းအားတွေဟာ သိသိသာသာကို တက်လာခဲ့ပြီးတော့ အောင်မြင်မှုတွေအကြီးအကျယ်ရရှိခဲ့တာပါ။ ဒါပေမယ့် ယခု ၂၀၂၀ နှစ်မှာတော့ မနှစ်တုန်းကလောက် အခြေအနေကောင်းမယ့်ပုံစံမပေါ်ပါဘူး။

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဝင်ငွေအနေနဲ့ တရုတ်ယွမ်ငွေ ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၈.၂ ဘီလီယံကျော်) ရရှိခဲ့ပြီး ၁၇.၇ ရာခိုင်နှုန်းတိုးတက်ခဲ့သလို အမြတ်ငွေရရှိမှုမှာလည်း ၃၅ ရာခိုင်နှုန်းအထိကို တိုးတက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တိုးတက်မှုတွေထဲမှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော်ရောင်းချရတာအပြင်ကို IoT Device ပေါင်း သန်း ၂၃၀ ကျော်ရောင်းချရတာတွေကလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Xiaomi ရဲ့ မနှစ်ကအောင်မြင်မှုဟာ ယခုနှစ်အတွင်းမှာ အဓိကပြိုင်ဆိုင်နေရတဲ့ Huawei လိုမျိုး ကုမ္ပဏီနဲ့ယှဥ်မယ်ဆိုရင် ၆ ပုံ ၁ ပုံပဲရှိနေသေးတာဖြစ်ပါတယ်။ အခုအချိန်မှာ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ရောင်းအားတွေကျဆင်းနေတဲ့အချိန်မှာ Huawei အပါအဝင်တခြားသော စမတ်ဖုန်းတွေရဲ့ ပြိုင်ဆိုင်မှုကို Xiaomi အနေနဲ့ အခုပိုပြီး ခံရဖို့များနေပါတယ်။

Xiaomi ဟာ အခုလိုမျိုး ပြိုင်ဘက်တွေရဲ့ စမတ်ဖုန်းတွေနဲ့ယှဥ်ပြိုင်တဲ့နေရာမှာ Mi 10 Pro လိုမျိုး စျေးနှုန်းအရလည်း သိသိသာသာမြင့်မားလာတဲ့ Flagship ဖုန်းတွေကြောင့် ပိုပြီးအခက်ကြုံလာသလို Huawei နဲ့ realme လိုမျိုး ကုမ္ပဏီတွေရဲ့ Mid Range ဖုန်းတွေကလည်း ယခုနှစ်အတွင်းမှာ XIaomi ကို ပိုပြီးဖိအားပေးနေကြတာဖြစ်ပါတယ်။

Ref – Gizmo China