Xaiomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေကို ပေးရတဲ့ဈေးနှုန်းနဲ့ ပြန်ရတဲ့အရည်အသွေး တန်နေအောင်လို့ ထုတ်လုပ်ရောင်းချပြီး လူကြိုက်များလာတဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီဟာ ဒီဇိုင်းပိုင်းကိုလည်း ဘယ်တော့မှ မလျှော့ချဘဲ အမြဲတမ်း ပြုပြင်မွမ်းမံနေလေ့ရှိတာကို တွေ့ရပါတယ်။

အခုလည်း Xiaomi ရဲ့ စိတ်ကူးသစ်၊ ဒီဇိုင်းသစ်တစ်ခုကို မူပိုင်ခွင့်တင်ထားတာကနေတစ်ဆင့် သိမြင်ခွင့် ရလိုက်ကြပြီ ဖြစ်ပါတယ်။ မူပိုင်ခွင့်ဒီဇိုင်းတိုင်းက ထုတ်လုပ်ပြီးဈေးကွက်ထဲကိုရောက်မလာဘူးလို့ဆိုပေမယ့် အမြဲတမ်းလိုလို စိတ်ဝင်စားစရာတွေကိုတော့ ပေးနေမြဲဖြစ်ပါတယ်။

LetsGoDigital ကနေ ရှာဖွေတွေ့ရှိထားတဲ့ Xiaomi ရဲ့ မူပိုင်ခွင့်ဒီဇိုင်းပုံမှာတော့ စိတ်ဝင်စားစရာ အချက်အလက်အတော်များများကို မြင်တွေ့ရပါတယ်။ ပထမဆုံးအနေနဲ့ မျက်နှာပြင်မှာ Selfie ကင်မရာအတွက် Notch တွေ၊ Punch-hole တွေမပါဝင်တာပါပဲ။ ဒါ့အပြင် Pop-up, Under-screen အမျိုးအစားကိုလည်း တွေ့မြင်ရခြင်းမရှိပါဘူး။

နောက်တစ်ချက်က ထိပ်ပိုင်းမှာ အပေါက်နှစ်ပေါက် ဖောက်ထားပြီး ဒီထဲမှာတော့ Wireless Ear Buds ကို Built-in ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ နားကြပ်ထိပ်ပိုင်း in-ear ဧရိယာကို အလွယ်တကူကွေးနိုင်၊ ဆန့်နိုင်အောင် ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။ ဘေးဘောင်တွေမှာ volume rocker တွေနဲ့ Power ခလုတ်တွေတော့ ရှိနေပါသေးတယ်။

ဒါ့အပြင် Google Assistant Button လိုမျိုး အမည်မသိ Button ကိုလည်း တွေ့မြင်ရပါသေးတယ်။ ဒါဟာ Xiaomi ရဲ့ ကိုယ်ပိုင် Xiao AI အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လတ်တလောမြင်တွေ့ရတဲ့ ဒီဇိုင်းကာလာအနေအထားကတော့ လန်းတယ်၊ တကယ်ကောင်းတဲ့စိတ်ကူးပဲလို့ မျတ်ချက်ပေးလို့ရပါတယ်။ ဒါပေမယ့် သုံးစွဲလို့ရတဲ့ Device တစ်ခုအဖြစ် အမှန်တကယ် ထွက်ပေါ်လာခြင်းရှိ၊ မရှိဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပါ။

Ref: Phone Arena