Xiaomi ဟာ Clamshell-style folding phone ပုံစံတစ်မျိုးကို မူပိုင်ခွင့်တင်ထားတာ တွေ့ရပါတယ်။ Foldable ဆိုပေမယ့် ထူးထူးဆန်းဆန်း ပုံစံမျိုး လို့ပဲဆိုပါရစေ။ ဘာကြောင့်လဲဆိုတော့ Dual Punch-hole နဲ့ ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ကျောဘက်ကင်မရာမပါတဲ့ ဒီဇိုင်းဖြစ်လို့ပါပဲ။

Xiaomi ရဲ့ မူပိုင်ခွင့်တင်ထားပုံအရ ခေါက်ချိုးချနိုင်တဲ့ပုံစံကတော့ ပြောခဲ့သလိုပဲ Clamshell ပုံစံမျိုးပါ။ ဒါပေမယ့် ခါးလယ်ကနေ ခေါက်ချိုးချမှာမဟုတ်လို့ ယူဆရပါတယ်။ ဒီဇိုင်းပုံမှာ အပေါ်ခြမ်းလေးပဲ ခေါက်ချိုးပြထားပါတယ်။ ရည်ရွယ်ချက်က အရှေ့ဘက်မျက်နှာပြင်မှာ Dual Punch-hole နဲ့ မြှုပ်ထားတဲ့ ကင်မရာနှစ်လုံးကို ကျောဘက်ကင်မရာအဖြစ် အသုံးပြုဖို့လို့ ယူဆရပါတယ်။

ဒီလိုမျိုး Xiaomi ရဲ့ ဒီဇိုင်းကို ခပ်ကြောင်ကြောင် ဒီဇိုင်းလို့ပြောရမလား၊ ဒါမှမဟုတ် တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်းလို့ ပြောရမလားဆိုတာတော့ စာဖတ်သူတို့စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။ Dual Punch-hole ဒီဇိုင်းက အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ထိပ်ပိုင်းပဲ ခေါက်ချပြီး သမားရိုးကျ စမတ်ဖုန်းတွေမှာ Selfie အဖြစ်သုံးလေ့ရှိတဲ့ ကင်မရာတွေကို ကျောဘက်ကင်မရာအဖြစ် သုံးဖို့ စိတ်ကူးထားတာကတော့ နည်းနည်း ကွဲပြားတဲ့ တွေးခေါ်ပုံပဲ ဖြစ်ပါလိမ့်မယ်။

တစ်ဘက်က ပြန်တွေးကြည့်ရင် ဒီဇိုင်းပိုင်းအရ ကင်မရာအလုံးရေနည်းသွားသလို၊ Foldable ဖုန်းလည်း ဖြစ်နိုင်ပါသေးတယ်။ ဘက်ထရီကလည်း ယူနစ်တစ်ခုတည်း လိုအပ်တယ်လို့ ဆိုနိုင်တာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကတော့ လက်ရှိ Foldable ဖုန်းတွေထက် သိသိသာသာ လျော့နည်းသွားနိုင်ဖွယ်ရှိတဲ့ ဒီဇိုင်းလို့ ခန့်မှန်းနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောနေကျစကားအတိုင်း မူပိုင်ခွင့်တင်ထားတဲ့ဒီဇိုင်းတိုင်းက အမှန်တကယ် စီးပွားဖြစ်ရောင်းချတဲ့ Device တွေ ဖြစ်မလာပါဘူး။ ဒီဇိုင်းအဖြစ်နဲ့ပဲ ပြီးဆုံးသွားတာလည်း အများကြီးပါပဲ။ ဒါကြောင့် အခုမြင်တွေ့ရတဲ့ ဒီဇိုင်းကလည်း အမှန်တကယ် စီးပွားဖြစ်ရောင်းချတဲ့ Device အဖြစ် ပြောင်းလဲသွားမလားဆိုတာ စောင့်ကြည့်ရုံပဲ ရှိပါတယ်။

Ref: GSM Arena