Xiaomi ကနေ အခုနှစ်အတွင်းမှာ ဆက်တိုက်ကို စမတ်ဖုန်းတွေမိတ်ဆက်နေတာဖြစ်ပြီး မကြာခင်မှာလည်း Mi 10T Series စမတ်ဖုန်းတွေကို Global စျေးကွက်အတွက် မိတ်ဆက်သွားတေ့ာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တရုတ်နိုင်ငံစျေးကွက်အတွက်လည်း Redmi Note 10 စမတ်ဖုန်းကို မိတ်ဆက်တော့မယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် Redmi Note 10 လို့ ယူဆရတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ Specification တွေက ပေါက်ကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Model Number အနေနဲ့ M2007J22C လို့ ပေးထားပြီးတော့ ဖုန်းရဲ့ Design ပုံစံကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း Redmi Note 10 စမတ်ဖုန်းမှာ MediaTek ရဲ့ Dimensity 820 Chipset ကို အသုံးပြုထားမယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါက Redmi Note 9 တုန်းကအသုံးပြုထားခဲ့တဲ့ Helio G85 Chipset ထက် သိသိသာသာကို ပိုကောင်းလာမှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB ပါဝင်မှာဖြစ်ပြီး Android 10 OS ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Xiaomi ကနေ Dimensity 820 Chipset အသုံးပြုထားတဲ့ Redmi 10X 5G နဲ့ Redmi 10X Pro 5G ဖုန်းတွေကို မိတ်ဆက်ထားပါတယ်။ အဲ့ဒီအတွက် Redmi Note 10 ဟာ Redmi 10X 5G ဖုန်းတွေကိုပဲ Design ပိုင်း ပြောင်းလဲပြီး အသစ်မိတ်ဆက်လာနိုင်ခြေများနေတာလည်း ဖြစ်ပါတယ်။

Ref – Gizmo China