မေလရဲ့ ဒုတိယပတ်အစမှာ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi အနေနဲ့ 120Hz curved display ပါဝင်တဲ့ စမတ်ဖုန်းသစ်နှစ်ခုကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ကောလာဟလတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီသတင်းက နာမည်ကျော် Leakster Digital Chat Station ကတစ်ဆင့် ထွက်ပေါ်လာတာကြောင့် ပေါက်ကြားသတင်းအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

Digital Chat Station ရဲ့ ဖော်ပြချက်အရ ဒီစမတ်ဖုန်းသစ်နှစ်မျုးဟာ ဒဏ္ဍာရီဇာတ်ကောင်တွေပေါ် အခြေခံထားတဲ့ အမည်တွေကို ကုဒ်နာမည်တွေအဖြစ် အသုံးပြုထားတာကို တွေ့မြင်ရပါတယ်။ အဲဒါတွေကတော့ Apollo နဲ့ Verthandi ဆိုတဲ့ နာမည်တွေပဲ ဖြစ်ပါတယ်။ ဒီဟန်းဆက် နှစ်ခုဟာ Curved edge display တွေနဲ့ဖြစ်ပြီး 120Hz refresh rate လည်း ရှိမယ်လို့ ဆိုပါတယ်။

သတင်းမီဒီယအချို့ကတော့ 120Hz refresh rate နဲ့ Curved display တွေဟာ Mi MIX 4 အတွက် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချ ဖော်ပြကြပါတယ်။ ဒါပေမယ့် Apollo နဲ့ Verthandi တို့ဟာ Mi MIX စီးရီးဝင် ဟုတ်၊ မဟုတ်၊ ဒါမှမဟုတ် Mi MIX 4 ဟုတ်၊ မဟုတ် ဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထား မရှိသေးပါဘူး။ ကုမ္ပဏီဘက်ကလည်း တရားဝင်ထုတ်ပြန်မှု မရှိသေးပါဘူး။

Xiaomi Group ရဲ့ CEO နဲ့ ဥက္ကဋ္ဌ Lei Jun ကတော့ Mi 10 Youth Edition ကို ဖြန့်ချိတဲ့အခမ်းအနားမှာ Xiaomi ရဲ့ High-end flagship သစ်အကြောင်းကို သတင်းအစအန ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် အခုထွက်လာတဲ့ ကုဒ်နာမည်နဲ့ ဟန်းဆက်သစ်နှစ်ခုဟာ Lei Jun ပြောတဲ့ High-end flagship နဲ့ တူညီမှု ရှိ၊ မရှိဆိုတာလည်း စိတ်ဝင်စားစရာ ပဟေဠိ ဖြစ်နေတုန်းပါပဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထုတ်ပြခဲ့တဲ့ Mi MIX Alpha concept စမတ်ဖုန်းကလည်း တီထွင်မှုနဲ့ နည်းပညာပိုင်းမှာ အထင်ကြီးစရာ အချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်ဟာ စီးပွားဖြစ်ထုတ်လုပ်မှုအဆင့်ကို ရောက်မလာခဲ့ပါဘူး။ ဒါပေမယ့် Xiaomi ဟာ Qualcomm Snapdragon 865 SoC နဲ့ ဟန်းဆက်သစ်ကို ထုတ်မယ်ဆိုတဲ့ သတင်းအရ ဒါဟာ Mi MIX Alpha ရဲ့ စီးပွားဖြစ်မူကွဲ ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

Ref: Gizmochina