တကယ်လို့ သင်ဟာ အခုနှစ်မှာလည်း Mi MIX ဖုန်းအသစ် ပေါ်လာမလား စောင့်မျှော်နေသူ ဆိုရင်တော့ Xiaomi ဟာ ၂၀၂၀ ခုနှစ်ထဲမှာ Mi MIX ဟန်းဆက် အသစ် မိတ်ဆက်ဖို့ မရှိဘူးလို့ သတင်းဆိုးပါးရတော့မှာပါ။ ဒါကို အတည်ပြုပေးခဲ့သူ ကတော့ Xiaomi အမှုဆောင်အရာရှိချုပ် Lei Jun ကိုယ်တိုင်ပါပဲ။ Concept ဖုန်းအဖြစ် ချပြခဲ့တဲ့ Mi MIX Alpha ကိုလည်း စျေးကွက်ထဲမှာ ဝယ်ယူနိုင်မလားလို့ စောင့်မျှော်နေကြပေမယ့် ဒါလည်း ဖြစ်မလာနိုင်သေးပါဘူး။

Xiaomi အကြီးအကဲဟာ ပရိသတ်တွေ အမေးများနေတဲ့ မေးခွန်းသုံးခုကို ဖြေကြားပေးခဲ့တာဖြစ်ပြီး ပထမဆုံး မေးခွန်းက အခုနှစ်မှာ Mi MIX ဖုန်းသစ် ထွက်မလား ဆိုတာပါပဲ။ သူက ဒါကို Mi MIX စီးရီးဟာ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှု တွေကိုပဲ ပေးလေ့ရှိတဲ့ အမှတ်တံဆိပ်ဖြစ်တာကြောင့် ထုတ်ကုန်သစ် မိတ်ဆက်ရင် ဒီမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပြီး မော်ဒယ်အသစ် ရောက်လာဖို့ အချိန်နည်းနည်း ကြာဦးမယ်လို့ ဖြေကြားခဲ့ပါတယ်။

နောက်ထပ် အမေးများတဲ့ မေးခွန်းတစ်ခု ဖြစ်တဲ့ Mi MIX Alpha စမတ်ဖုန်းကိုရော စျေးကွက်တင် ထုတ်လုပ်ရောင်းချမှာလား ဆိုတာကိုတော့ Lei Jun က ဒီဖုန်းဟာ သုတေသန ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာသာ ဖြစ်ပြီး သူတို့ လိုချင်တဲ့ ရည်မှန်းချက်ကို ရရှိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် စျေးကွက်ဝင် အမြောက်အများ ထုတ်လုပ်ဖို့ကျတော့ စိန်ခေါ်မှုတွေ အရမ်းများတာကြောင့် မဖြစ်နိုင်သေးဘဲ အဲ့ဒီအစား Mi MIX မျိုးဆက်သစ်ကိုသာ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

တတိယမြောက် မေးခွန်းက Xiaomi Surge Chip တွေရဲ့ အနာဂါတ်အကြောင်း ဖြစ်ပြီး လက်ရှိမှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် ပရိုဆက်ဆာ အသစ်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာကိုတော့ ရပ်တန့်သွားမှာ မဟုတ်သေးဘူးလို့ Lei Jun က ဖြေကြားခဲ့ပါတယ်။ သူက လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဆယ်နှစ်ပြည့် အခမ်းအနားမှာလည်း နောက်ထပ် မေးခွန်းတွေ ထပ်ဖြေကြားပေးဦးမယ်လို့ ဆိုပါတယ်။

Ref – GizmoChina