Xiaomi ဟာ စမတ်ဖုန်းမှ Mi Browser App ကနေ  User Data များစွာကို အခွင့်မရှိဘဲ ရယူနေတယ်လို့ မကြာခင်ကပဲ Forbes က ရေးသားထားပါတယ်။ အဲဒီ Data တွေထဲမှာ ဖုန်း အသုံးပြုမှုကနေ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ ပါဝင်ပါတယ်။ Xiaomi ဟာ User တွေရဲ့ Privacy ကို ချိုးဖောက်နေတယ်လို့လည်း စွပ်စွဲနေကြပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

Forbes က Xiaomi Mi Browser ဟာ User တွေ လည်ပတ်တဲ့ ဝက်ဘ်ဆိုက်တွေလို သတင်းအချက်အလက်တွေကို ကောက်ယူနေတယ်လို့ ရေးသားထားပြီး အဲဒီထဲမှာ Search Engine မှာ ရှာဖွေတာနဲ့ Browser ရဲ့ News Feed မှာ ကြည့်တဲ့ အရာတွေ ပါပါတယ်။ Incognito Mode နဲ့သုံးရင်တောင် အဲဒီ Data တွေ ရယူနေတယ်လို့ ပြောနေကြပါတယ်။

Mi Browser မှာ User Data တွေကို Encrypt လုပ်ထားပေမယ့် Base64 Encoding ကို သုံးတဲ့အတွက် ဖောက်ထွင်းခိုးယူလို့ လွယ်ကူပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကို စင်ကာပူနဲ့ ရုရှားတို့လို Remote Servers တွေကို ပေးပို့တယ်လို့ သတင်းထွက်နေပါတယ်။ Forbes က Xiaomi ရဲ့ တခြား Browser တွေ ဖြစ်တဲ့ Mi Browser Pro နဲ့ Mint Browser တို့ဟာလည်း အဲဒီလိုပဲ Data တွေ ကောက်ယူတယ်လို့ ပြောပါတယ်။

အခုတော့ Xiaomi က Forbes ရဲ့ ရေးသားချက် အားလုံးကို ငြင်းဆိုလိုက်ပြီး ကုမ္ပဏီရဲ့ ထိပ်တန်း ဦးစားပေး ရည်ရွယ်ချက်ဟာ User Privacy နဲ့ Internet Security တို့ ဖြစ်တယ်လို့ ပြောပါတယ်။ Xiaomi က Incognito Mode မှာ Browser သတင်းအချက်အလက်နဲ့ History တွေကို မရယူဘူးလို့ ပြောပါတယ်။ Xiaomi က အားလုံးရှင်းလင်းသွားအောင် Browser Software Code ကိုပါ မျှဝေလိုက်ပါတယ်။ ဒီကိစ္စ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Mi Browser ကို သံသယရှိလို့ မသုံးချင်ဘူးဆိုရင် Play Store မှာ Browser များစွာ ရှိပါတယ်။

Ref : gizchina