စက်ဝိုင်းပုံဒိုင်ခွက်နဲ့ စမတ်နာရီဖြစ်တဲ့ Mi Watch Color ဟာ ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနာရီကိုပဲ Mi Watch Revolve ဆိုတဲ့နာမည်နဲ့ နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိဖွယ်ရှိတယ်လို့ Xiaomi က လွန်ခဲ့တဲ့လအနည်းငယ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

အခုတော့ Mi Watch Revolve ကို အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ သူနဲ့အတူ တွဲလျက်မိတ်ဆက်လာမှာကတော့ Mi Band 5 ပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ 91Mobiles ကတစ်ဆင့် ဖော်ပြတာပါ။ ရင်းမြစ်ကတော့ ဆယ်ကျော်သက် Leaker Ishan Agarwal ဖြစ်ပါတယ်။

Mi Watch Color ကတော့ တရုတ်ပြည်တွင်းဈေးကွက်မှာ $87 (၁ သိန်း ၂ သောင်း) ဝန်းကျင်နဲ့ ရောင်းချခဲ့တာပါ။ ဒါကြောင့် အိန္ဒိယဈေးကွက်မှာတော့ Mi Watch Revolve ရဲ့ ဈေးနှုန်းဟာ $80 လောက် ဖြစ်သင့်ပါတယ်။ ဒါပေမယ့်လည်း Mi Watch Revolve ဟာ အိန္ဒိယဈေးကွက်ထဲကို တင်သွင်းရမှာဖြစ်တဲ့အတွက် အခွန်အခနဲ့ အခြားကုန်ကျစရိတ်တွေကို ထည့်သွင်းစဉ်းစားရဦးမှာပါ။ ဒီအတွက် $87 ထက်လည်း ပိုပြီးများသွားနိုင်ပါတယ်။

Mi Watch Revolve ဟာ ဈေးနှုန်းအနည်းငယ်မြင့်သွားနိုင်တယ်ဆိုပေမယ့်၊ မြင့်မားတဲ့ရောင်းအားကိုတော့ ယူဆောင်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် အမြင့်ဆုံးဈေးနှုန်းအဖြစ် $109 (၁ သိန်း ၄ သောင်းခွဲဝန်းကျင်) ထက် မပိုနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ Huami ရဲ့ Amazfit line နာရီတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ အထူးသဖြင့် Amazfit GTR ဟာ $137 ဝန်းကျင်သာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

Ref: Gizmochina