Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Mi 10 Series Flagship ဖုန်းသစ်တွေကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Mi 10 Series ရဲ့ Global Launch Event ကိုတော့ MWC 2020 Event မှာ ပြုလုပ်သွားဖို့စီစဥ်ထားခဲ့ပေမယ့် MWC Event ကလည်း ဖျက်သိမ်းလိုက်တဲ့အတွက် Xiaomi အနေနဲ့ Mi 10 Series ကို မိတ်ဆက်ဖို့ကိုပါ ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ Mi 10 Series ဖုန်းတွေကို Global Launch Event အစား India နိုင်ငံမှာပဲ လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်သွားတော့မယ်လို့ ယူဆရပါတယ်။ ယခုသတင်းကို Mi India ရဲ့ Managing Director နဲ့ Global Vice President အဖြစ်တာဝန်ယူထားတဲ့ Manu Kumar Jain ကိုယ်တိုင်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Manu Kumar Jain ရဲ့ ပြောကြားချက်အရတော့ Mi 10 Series ဖုန်းတွေဟာ Bureau of Indian Standards (BIS) ရဲ့ အတည်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် မကြာခင်မှာ India မှာ မိတ်ဆက်သွားတော့မှာဖြစ်ပြီးတော့ 91Mobiles ကတော့ လာမယ့် မတ်လလယ်ဝန်းကျင်လောက်မှာမိတ်ဆက်သွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီ Mi 10 Series ဖုန်းတွေအပြင် Redmi 9 ဖုန်းသစ်ကိုပါ တပါတည်းမိတ်ဆက်သွားဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Redmi 9 စမတ်ဖုန်းနဲ့ ပတ်သက်ပြီးလောလောဆယ်မှာ သတင်းတွေသေချာမသိရှိရသေးပေမယ့် ဖြစ်နိုင်တာက MediaTek Helio G70 Processor ကိုပဲ အသုံးပြုလာနိုင်ခြေရှိနေပါတယ်။ အဲ့ဒီအတွက် မကြာသေးခင်ကမှ Helio G70 Processor နဲ့ပဲ မိတ်ဆက်ထားခဲ့တဲ့ realme C3 ဖုန်းနဲ့ အဓိကပြိုင်ဆိုင်ရဖို့များပါတယ်။

Xiaomi Mi 10 နဲ့ Mi 10 Pro ဖုန်းတွေဟာ တရုတ်နိုင်ငံမှာလည်း ၃,၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) နဲ့ ၄,၉၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ကနေစတင်တာဖြစ်ပြီး ယခင် Mi 9 လိုမျိုး ဖုန်းတွေနဲ့ယှဥ်ရင် သိသိသာသာကို စျေးနှုန်းမြင့်မားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ India မှာ ရောင်းချသွားမယ့် Mi 10 Series ရဲ့ Global Version စျေးနှုန်းတွေကလည်း တရုတ်မှာရောင်းချနေတဲ့စျေးထက်တောင် ပိုပြီး မြင့်မားနိုင်ခြေရှိနေပါတယ်။

Ref – Gizmo China