၂၀၂၀ ပြည့်နှစ်ဦးပိုင်းကစပြီး Xiaomi နဲ့ Redmi အမှတ်တံဆိပ်တွေကို လတိုင်းလိုလို ဈေးကွက်အမျိုးမျိုးအတွက် စမတ်ဖုန်းအသစ်တွေ ထုတ်လုပ် မိတ်ဆက်ပေးနေတာကို မြင်တွေ့ရပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ အတွေ့များရတာကတော့ 5G ဟန်းဆက်တွေပါ။

ကုမ္ပဏီရဲ့ CEO က သူတို့အနေနဲ့ ဒီနှစ် ၂၀၂၀ ကုန်ဆုံးသွားချိန်မှာ တရုတ်ပြည်တွင်းဈေးကွက်အတွက် 4G ဟန်းဆက်တွေထုတ်လုပ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီတွေဟာ 6G မျိုးဆက်အတွက်လည်း Satellite internet ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး ကြိုတင်သုတေသနလည်း ပြုလုပ်ခဲ့ကြပါတယ်။

Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Lei Jun က ဆင်ဟွာနဲ့အင်တာဗျူးမှာ ဒီအကြောင်းတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ Jun က 5G ဟာ 4K/8k video conferencing, Cloud gaming (Game streaming) နဲ့ Auto-pilot  စတဲ့ Application တွေနဲ့အတူ စက်မှုလုပ်ငန်းကို ပြောင်းလဲလိမ့်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုးတက်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကုမ္ပဏီကလည်း 5G ဟန်းဆက်ထုတ်လုပ်မှုကို မြှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် ယွမ်ငွေ သန်း ၂၅၀ အသုံးပြုပြီး စက်ရုံတွေရဲ့ ထုတ်လုပ်မှုကို တိုးမြင့်စေခဲ့တယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။ Jun ရဲ့ အပြောအရ 4G စမတ်ဖုန်းထုတ်လုပ်မှုရပ်တန့်တာဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက်သာဖြစ်တဲ့အတွက် နိုင်ငံတကာဈေးကွက်အတွက်တော့ ဆက်လက်ထုတ်လုပ်သွားဖွယ်ရှိပါတယ်။

Ref: Gizmochina