Xiaomi ကုမ္ပဏီဟာ စမတ်ဖုန်းလောကမှာ အားကောင်းတဲ့ ကင်မရာတွေကို စွန့်ဦးတီထွင်ထည့်သွင်းလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူတို့ရဲ့ Redmi Note 7 ဟာ 48MP ကင်မရာခေတ်ကို စတင်မိတ်ဆက်လာခဲ့တဲ့ စမတ်ဖုန်းဖြစ်သလို Redmi Note 8 Pro မှာလည်း 64MP ကင်မရာ အစောကြီးပါလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mi CC9 Pro တဖြစ်လဲ Mi Note 10 မှာ 108MP ကင်မရာကို ဦးစွာမိတ်ဆက်လာခဲ့ပြန်တယ်။

ယခုတစ်ခါ ထွက်လာတဲ့ သတင်းကတော့ စမတ်ဖုန်းကင်မရာဝါသနာရှင်တွေအတွက် တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ပြီး Leakster တစ်ယောက်က Xiaomi ဟာ 144MP ကင်မရာ Sensor ကို ပထမဆုံး မိတ်ဆက်နိုင်သူဖြစ်အောင် ကြိုးစားနေပြီလို့ ဆိုလာတာပါပဲ။

နာမည်ကြားလိုက်တာနဲ့ Megapixels ပိုများလာပြီး ပိုကောင်းလာမယ်လို့ ယုံကြည်ရလောက်တဲ့ ကင်မရာအသစ်ကို Xiaomi ဟာ လက်ရှိ Camera Sensor တွေ ထုတ်လုပ်ပေးနေတဲ့ နာမည်ကျော် ကိုရီးယားကုမ္ပဏီ Samsung နဲ့ပဲ တွဲဖက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း 144MP Sensor ကို မျိုးဆက်သစ် Mi ဖုန်းမှာ တွေ့ရဖို့ အခွင့်အလမ်းများနေပါတယ်။

အခုချိန်မှာတော့ ဘယ်ဖုန်းမှာ စပါလာမလဲဆိုတာ ပြောရခက်သေးပေမယ့် ဒီသတင်းကို ခေါ်ဆောင်လာသူက Xiaomi ဟာ Mi CC10 Pro သို့မဟုတ် Mi 10S Pro ဟန်းဆက်မှာ ထည့်သွင်းလာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအချိန်မှာ မျှော်မှန်းကြည့်ရုံပဲ တတ်နိုင်သေးပေမယ့် လာမယ့်လအနည်းငယ်အတွင်းမှာ ဒီထက်ပိုထင်ရှားတဲ့ သတင်းကြားလာရမှာ အသေအချာပါပဲ။

Ref – GSM Arena