ဒီနေ့ခေတ်မှာ စမတ်ဖုန်း တော်တော်များများရဲ့ ဘက်ထရီပမာဏဟာ အနိမ့်ဆုံးက 4,000mAh ဖြစ်နေပါပြီ။ သုံးစွဲသူအများစုဟာ ဘက်ထရီပမာဏ များတာကို နှစ်သက်ကြပေမယ့် အချိန်အကြာကြီး အားသွင်းရတာကိုတော့ မနှစ်သက်ကြပါဘူး။ ဒါ့ကြောင့် ကုမ္ပဏီဘက်ကလည်း အမြန်အားသွင်းစနစ်တွေကို ဖန်တီးလာရတာ ဖြစ်ပါတယ်။

အားသွင်းအမြန်နှုန်းအကြောင်းကိုပြောကြရင် Xiaomi ရဲ့ 100W အကြောင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်တုန်းက Vivo ကပြသွားတဲ့ 120W Super FlashCharge နည်းပညာအကြောင်းကိုလည်း ထည့်ပြောရမယ် ထင်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ကမ္ဘာ့အမြန်ဆုံးဆိုတဲ့ဂုဏ်ပုဒ်အတွက် ရှိနေကြတာဖြစ်သလို၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်၊ လိုလားချက်တွေအတွက်လည်း ရှိနေကြတာ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက သတင်းထွက်ထားတဲ့ 120W Charger ကို တစ်ချိန်ချိန်မှာ ထုတ်လာမယ်ဆိုတာ အားလုံးလည်း ခန့်မှန်းမိမှာပါ။ ဒါပေမယ့် ထင်ထားတာထက် ပိုပြီးမြန်ဆန်လာဖွယ်ရှိတာတော့ အမှန်ပါပဲ။ အကြောင်းက Xiaomi ရဲ့ 120W Charger ကို တရုတ်ရဲ့ 3C အေဂျင်စီက အသိအမှတ်ပြုပေးလိုက်ပြီဖြစ်လို့ပါပဲ။ စိတ်မကောင်းစရာကတော့ 3C ကနေသိရတာက အချက်အလက် အနည်းငယ်သာ ဖြစ်နေတာပါပဲ။

မော်ဒယ်နံပါတ် Xiaomi MDY-12-ED ဟာ အံ့အားသင့်ဖွယ်ရာ 120W (20V/6A ) အမြန်အားသွင်းမှုကို ထောက်ပံ့ပေးပါလိမ့်မယ်။ ကျန်တဲ့အချက်အလက်တွေ မသိရပေမယ့်လည်း 120W အားသွင်းနည်းပညာကတော့ အတည်ပြုပြီးသားဖြစ်သွားပါပြီ။ ဒါကြောင့် ထုတ်ကုန်အဖြစ်မြင်ရဖို့က သိပ်မဝေးတော့ဘူးလို့ မျှော်လင့်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေလည်း သိပ်မကြာခင်အချိန်အတွင်း ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena