Xiaomi က သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ထုတ်ဖော်ကြေညာခဲ့တာပါ။ လက်ရှိအချိန်အထိ စီးပွားဖြစ်ရောင်းချနိုင်ခြင်းမရှိသေးပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ဒီလျှပ်စစ်ကား မောင်းနှင်နေတာကို တရုတ်နိုင်ငံအနှံ့မှာ တွေ့မြင်လာရပါတယ်။

အခုမြင်တွေ့နေရတဲ့ လျှပ်စစ်ကားဟာ ၂၀၂၄ မှာ ထွက်ရှိမဲ့ကားလို့ ယုံကြည်ရပေမဲ့ ကားမော်ဒယ်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိသေးပါဘူး။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီလျှပ်စစ်ကားရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ သောင်းထက် နည်းမယ်လို့ Xiaomi ရဲ့ CEO Lei Jun က ပြောထားခြင်းပဲ ဖြစ်ပါတယ်။ ဒီကားဟာ Tesla နဲ့ သူ့ရဲ့ Model 3 ကို တိုက်ရိုက် ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ ကားရဲ့ နည်းပညာနဲ့ Specs တွေအကြောင်း ဘာမှမသိရသေးပါဘူး။ ဒါပေမဲ့ LiDAR ကို အခြေခံပြီး တည်ဆောက်ထားတဲ့ နည်းပညာဖြစ်တဲ့ Xiaomi Pilot ကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် သြဂုတ်လတုန်းက တရုတ်ဝက်ဘ်ဆိုက်ဒ် 36kr ကနေ ဖော်ပြခဲ့တဲ့သတင်းအရ ဒီကားဟာ CATL က ဖန်တီးထားတဲ့ Qilin ဘက်ထရီအသစ်ရဲ့ အကူအညီနဲ့ ကီလိုမီတာ ၁,၀၀၀ အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။

Xiaomi ကတော့ လျှပ်စစ်ကားနဲ့ပတ်သက်ပြီး ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အခုပုံတွေကလည်း Xiaomi ရဲ့ ဖုံးကွယ်ထားတဲ့ လျှပ်စစ်ကားဖြစ်ကြောင်း ဝီဘိုအသုံးပြုသူတစ်ဦးက ဖော်ထုတ်ပြောဆိုလိုက်မှ သိခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ဒီကားရဲ့ အလုံးစုံပုံစံဟာ Xpeng P7 နဲ့ အနည်းငယ်ဆင်တူတယ်လို့လည်း သူက ပြောထားပါသေးတယ်။

Ref: Gizchina