ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် လူသားတွေ Mask တပ်ဆင်လာကြရသလို ခပ်ခွာခွာနေနေကြရပါတယ်။ စတိုးဆိုင်တွေ အပါအဝင် အများပြည်သူ တည်နေရာတွေကို ဝင်ရင် ကိုယ်အပူချိန် တိုင်းတာကြရပါတယ်။ ကိုယ်အပူချိန် တိုင်းတာတဲ့ သာမိုမီတာတွေလည်း ရောင်းကောင်းနေကြပါတယ်။ အခုတော့ Huawei က ကိုယ်အပူချိန်တိုင်းတာပေးနိုင်တဲ့ စမတ်ဖုန်း ၁ လုံးကို ရောင်းချပေးလိုက်ပါတယ်။


Huawei ရဲ့ ကုမ္ပဏီခွဲ Honor က မကြာခင်ကပဲ Honor Play 4 နဲ့ Honor Play 4 Pro ကို တရုတ်မှာ ကြေညာခဲ့ပြီး Pro မှာ အနီအောက်ရောင်ခြည် ကိုယ်အပူချိန် ဆန်ဆာ တပ်ဆင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းက လူ၊ တိရိစ္ဆာန်နဲ့ အရာဝတ္ထုတွေရဲ့ အပူချိန်ကို တိုင်းတာပေးနိုင်ပါတယ်။ Honor က -၂၀ ကနေ ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိ တိုင်းတာပေးနိုင်တယ်လို့ ပြောပါတယ်။ ဖုန်းကို လူရဲ့ နဖူးနားထားပေးလိုက်တာနဲ့ အပူချိန် တိုင်းတာပေးမှာ ဖြစ်ပြီး App ကနေ ဖော်ပြပေးမှာပါ။

Honor Play 4 Pro မှာ စွမ်းရည်မြင့် Kirin 990 SoC , ၆.၅၇ လက်မ 1080p မျက်နှာပြင် , 4,200mAh ဘက်ထရီနဲ့ 40W Fast Charging တွေ ပါပါတယ်။ အနောက်ဘက်မှာ 40MP Main ကင်မရာနဲ့ Zoom ကင်မရာ ၂ လုံး တပ်ထားပြီး ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ရှိပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref       : indianexpress