YouTube ဟာ ပလက်ဖောင်းပေါ်က ဖန်တီးသူတွေ Dislike attacks တွေပြုလုပ်ခံရခြင်း လျှော့ချနိုင်စေဖို့အတွက် ဗီဒီယိုတွေက Dislike အရေအတွက်ကို  မဖော်ပြဘဲထားဖို့ ဒီနှစ်အစောပိုင်းကတည်းက စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက စိစစ်တွေ့ရှိချက်အရ Dislike အရေအတွက်ကို ဖုံးကွယ်ထားတာဟာ ဒီတိုက်ခိုက်မှုကို လျော့ကျစေတယ်ဆိုတဲ့အဖြေ ထွက်လာပါတယ်။

ဒါကြောင့် ကုမ္ပဏီဟာ သူ့ရဲ့ပလက်ဖောင်းတွေပေါ်က ဗီဒီယိုအားလုံးမှာ Dislike အရေအတွက်ကို စတင်ပြီးဖုံးကွယ်ထားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ Dislike button ကို ဖျောက်ပစ်လိုက်တာမဟုတ်ပါဘူး။ အကယ်၍ ကြည့်ရှုသူအနေနဲ့ မကြိုက်နှစ်သက်ဘူးဆိုရင် Dislike လုပ်လို့ရနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူဘယ်နှဦးကတော့ ဒီဗီဒီယိုကို မကြိုက်ကြဘူးဆိုတဲ့ ကိန်းဂဏန်းကို တွေ့မြင်နိုင်မှာမဟုတ်တော့ပါဘူး။

တစ်ဖက်မှာတော့ ဖန်တီးသူ (Creators) တွေဟာ YouTube Studio ကို Access လုပ်တဲ့အခါ သူဖန်တီးထားတဲ့ ဗီဒီယိုကို လူဘယ်နှစ်ဦးက မကြိုက်ကြဘူးဆိုတဲ့ ကိန်းဂဏန်းကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Dislike အရေအတွက်က ဖန်တီးသူတွေကိုပဲ သီးသန့်ပြသတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီလုပ်ရပ်ဟာ ဖန်တီးသူတွေကို ကြီးမားတဲ့အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Dislike အရေအတွက်ကို ဖုံးကွယ်ထားလိုက်တာဟာ “ဖန်တီးသူတွေအတွက် အောင်မြင်မှုအခွင့်အလမ်းရှိတဲ့ လေးစားမှုအပြည့်နဲ့ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေပြီး၊ သူတို့ကိုယ်သူတို့ လုံခြုံစွာနဲ့ထုတ်ဖော်ပြသနိုင်တယ်လို့ ခံစားစေနိုင်မယ်လို့” YouTube က ဆိုပါတယ်။ ဒါ့အပြင် အခုကြေညာချက်ဟာ ပလက်ဖောင်းပေါ်ကဖန်တီးသူတွေကို (အထူးသဖြင့် နာမည်မကြီးသေးသူတွေ နှောင့်ယှက်ခံရခြင်းက) ကာကွယ်ပေးမဲ့ ကုမ္ပဏီရဲ့ခြေလှမ်းများစွာထဲက တစ်ခုပဲ ဖြစ်သေးတယ်လို့ ဆိုပါတယ်။

Ref: GSM Arena