ပြီးခဲ့တဲ့ ရက်က Facebook အနေနဲ့ စစ်ဆေးအတည်ပြုပြီးသား Coronavirus နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို News Feed မှာ တင်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ YouTube ကလည်း Coronavirus နဲ့ပတ်သက်ပြီး ယုံကြည်ရတဲ့ ဗီဒီယိုတွေကို ပင်မစာမျက်နှာမှာ ထားရှိပေးမယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ YouTube ပေါ်ကိုတင်ထားတဲ့ Coronovirus နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ဒီဗီဒီယိုဖိုင်တွေဟာ ဒေသတွင်းဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေအပါအဝင် ကျပန်းတင်ထားကြတာ ဖြစ်ပါတယ်။

YouTube ကတော့ Coronavirus နဲ့ပတ်သက်ပြီး ပိုမိုယုံကြည်စိတ်ချရဲ့တဲ့ သတင်းရင်းမြစ်တွေ၊ အချက်အလက်တွေကို ကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေဆီ ပို့ဆောင်ပေးလိုတယ်လို့ ဆိုပါတယ်။ Coronavirus နဲ့ပတ်သက်ပြီး သတင်းမှားတွေကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတဲ့ ပလက်ဖောင်းတွေထဲမှာ YouTube ပါဝင်လာတာကလည်း ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Coronavirus ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နေတဲ့အတွက် လူတွေရဲ့ စိုးရိမ်စိတ်တွေနဲ့အတူ သတင်းမှားတွေကလည်း အလွယ်တကူ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ Facebook, Twitter, Snapchat, TikTok တို့လို လူမှုမီဒီယာပလက်ဖောင်းတွေကလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ သတင်းမှားတွေကို ကာကွယ်တာ၊ တိုက်ဖျက်တာတွေ ပြုလုပ်နေကြပါတယ်။

အမေရိကန်မှာရှိတဲ့ နည်းပညာကော်ပိုရေးရှင်းကြီးအချို့ကတော့ Coronavirus နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ၊ လိမ်လည်တာတွေကို တိုက်ဖျက်ဖို့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ထဲမှာ Facebook, Google, LinkedIn, Microsoft, Reddit, Twitter နဲ့ YouTube တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

Ref: The Verge