Selfie ကင်မရာဟာ Full-screen စမတ်ဖုန်းတွေအတွက်တော့ အနှောင့်အယှက်တစ်ခုပါပဲ။ Notch ကလည်း မျက်စိရှုပ်စရာဖြစ်သလို၊ Punch-hole ကလည်း ပြစ်မျိုးမှဲ့မထင် Full-screen မဖြစ်အောင် ကဖျက်ယဖျက်လုပ်နေသလိုပါပဲ။ ဒါကြောင့် Pop-up တွေ၊ Flipping တွေလုပ်ခဲ့ကြပေမယ့် ကျေနပ်စရာဖြေရှင်းမှုတော့ မဖြစ်ခဲ့ပါဘူး။

Under-display Camera ဆိုတာ စမတ်ဖုန်းသုံးစွဲသူတွေရော၊ ထုတ်လုပ်သူတွေပါ မျှော်လင့်နေတဲ့ အဆင့်မြင့် နည်းပညာတစ်ခုပါ။ မျက်နှာပြင်အောက်ကင်မရာဖုန်းကို စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီအတော်များများက ကြိုးစားနေကြပေမယ့် ZTE က ကမ္ဘာ့ပထမဦးဆုံးအဖြစ် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မျက်နှာပြင်အောက်မှာ Selfie ကင်မရာထားရှိတဲ့အခါ အာရုံခံဆင်ဆာဟာ လုံလောက်တဲ့ အလင်းမရဘဲ အရည်အသွေးနိမ့်တဲ့ ရုပ်ပုံတွေပဲ ဖမ်းယူနိုင်တဲ့ ပြဿနာကို ကျော်လွှားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာထားတဲ့နေရာမှာ ကျန်တဲ့နေရာတွေနဲ့ Brightness နဲ့ Color ကွာခြားမှုတွေရှိလာပါတယ်။ ဒီပြဿနာကို ZTE က Own light perception sensor နဲ့ ဖြေရှင်းခဲ့တာပါ။

Axon 20 ရဲ့ မျက်နှာပြင်အောက်မှာ တပ်ဆင်ထားတဲ့ 32MP Selfie ကင်မရာမှာ မြင်ကွင်းတစ်ခုချင်းစီအတွက်လိုအပ်တဲ့ အလင်းပမာဏကိုထိန်းညှိပေးမယ့်၊ အလင်းကိုကိုယ်တိုင်သိမြင်နိုင်တဲ့ အာရုံခံကိရိယာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာမှန်ဘီလူးဝန်းကျင်က Pixel arrangement ကိုလည်း ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒါဟာ Color distortion ကိုမသိသာစေဘဲ ကျန်တဲ့မျက်နှာပြင်တွေနဲ့ လိုက်လျောညီထွေ ဖြစ်သွားစေတာ ဖြစ်ပါတယ်။

ZTE Axon 20 5G ဟာ 6.92-inch OLED မျက်နှာပြင်နဲ့ဖြစ်ပြီး FHD+ resolution, 90Hz refresh rate ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကကင်မရာ + 8MP Ultrawide) + 2MP (macro) + 2MP (depth) ဆိုပြီး ကင်မရာလေးလုံး တပ်ဆင်ပေးထားပါတယ်။ Snapdragon 765G ကို အသုံးပြုထားပြီး ဘက်ထရီကတာ့ 4,420mAh ပမာဏ ဖြစ်ပါတယ်။ 30W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားပြီး မိနစ် ၃၀ အတွင်း ၆၀% အားဝင်အောင် သွင်းနိုင်မှာ ဖြစ်ပါတယ်။

Axon 20 5G ဟာ ကမ္ဘာ့ပထမဦးဆုံး Under-display Camera နဲ့စမတ်ဖုန်းအဖြစ် လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်ထဲ တရားဝင်ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။ အနက်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်နဲ့ လိမ္မော်ရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ အခြေခံ 6GB/128GB အတွက် $322 (၄သိန်း၃သောင်းဝန်းကျင်) နဲ့ 8GB/128GB အတွက် $366 (၄ သိန်း ၉ သောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။ 8GB/256GB ကတော့ $410 (၅ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena