ကွန်ရက်အသစ်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အချိန်အားဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဥပမာအားဖြင့် 4G ဟာ ၂၀၀၉ ခုနှစ်မှာ သုံးစွဲသူတွေလက်ထဲရောက်ရှိခဲ့တယ်ဆိုပေမဲ့ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ 5G သုံးစွဲနိုင်ဖို့တော့ ၁၀ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

5G ဟာ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တယ်ဆိုပေမဲ့ အခုအချိန်အထိ ကမ္ဘာအနှံ့ လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။ အလားတူပါပဲ 4G ကွန်ရက် ဖြန့်ကျက်နိုင်ခြင်းမရှိသေးတဲ့ နေရာဒေသတွေလည်း ကမ္ဘာ့မြေပုံပေါ်မှာ အများအပြား ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ နောက်ထပ် တစ်ဆင့်မြင့်တဲ့ နည်းပညာသစ်တစ်ခုကတော့ ပေါ်ပေါက်လာဖို့ လမ်းကြောင်းပေါ်မှာ ရှိနေမြဲဖြစ်ပါတယ်။

5G ကွန်ရက် နည်းပညာစတင်တော့ ကမ္ဘာ့နည်းပညာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေက ခြေတစ်လှမ်းနောက်ကျနေတာကို တွေ့မြင်ခဲ့ကြရပါတယ်။ အခုလည်း ဒီလိုပဲဖြစ်လာဦးမယ်လို့ ယူဆရပါတယ်။ အကြောင်းကတော့ တရုတ်ဟာ 6G ကွန်ရက်နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နေတာကြောင့်ပါပဲ။ Gizchina က ဖော်ပြတဲ့သတင်းအရတော့ ZTE ဟာ 6G ကွန်ရက် စမ်းသပ်မှု ငါးခုမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် ZTE ဟာ 6G နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ သုတေသနမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ အဆိုပါစမ်းသပ်မှုမှာ ဝန်ထမ်းတွေနဲ့ ပစ္စည်းအရင်းအမြစ်အမြောက်အများကို ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။ လက်ရှိ 6G ကွန်ရက် နမူနာစမ်းသပ်စစ်ဆေးမှုတွေမှာလည်း ရလဒ်ကောင်းတွေ ရရှိနေတယ်လို့ ZTE က ထုတ်ပြန်ထားပါတယ်။

လက်ရှိစမ်းသပ်မှုကတော့ ကွန်ပျူတာပါဝါ လမ်းကြောင်းပြခြင်း လုပ်ဆောင်ချက်ကို စမ်းသပ်တာဖြစ်ပြီး ဒါဟာ အချိန်နဲ့တစ်ပြေးညီ တွက်ချက်ခြင်းဆိုင်ရာ ပါဝါ အချိန်ဇယားတွေနဲ့ မဟာဗျူဟာအတွက် ကွန်ရက်လမ်းကြောင်းရွေးချယ်မှုစွမ်းရည်ကို ပံ့ပိုးပေးတာလို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နည်းပညာဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရအပါအဝင် တရုတ်မီဒီယာတွေကတော့ သူတို့ဟာ 6G နည်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေထက် ခြေတစ်လှမ်းစောနေပြီလို့ လက်ခံယုံကြည်နေကြတာပဲ ဖြစ်ပါတယ်။

Ref: Gizchina