ZTE ရဲ့ Foldable ဖုန်းနဲ့ပတ်သက်တဲ့ ဒီဇိုင်းမူပိုင်ခွင့်ကိုမြင်ရတာ ဒီတစ်ကြိမ်က ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၁၉ ခုနှစ်မတ်လလောက်ကတည်းက ZTE ရဲ့ ဒေါင်လိုက်ခေါက်ချိုး Foldable ပုံစံဒီဇိုင်းကို မူပိုင်ခွင့်တင်တာ မြင်တွေ့ခဲ့ရပြီးသားပါ။

Samsung က ဒီနှစ်နှောင်းပိုင်းမှာ သူတို့ရဲ့ တတိယမြောက် စီးပွားဖြစ် Foldable စမတ်ဖုန်းကို ဖြန့်ချိဖို့ပြင်ဆင်နေချိန်မှာ Huawei ကလည်း Foldable နဲ့ 5G ဈေးကွက်ကို တိုးချဲ့ရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ZTE ကတော့ စီးပွားဖြစ် Foldable စမတ်ဖုန်းကို လက်တွေ့ရောင်းချနိုင်ခြင်း မရှိသေးဘဲ မူပိုင်ခွင့်တင်ထားတဲ့ အဆင့်ကမတက်သေးဘူးလို့ ဆိုရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ZTE ရဲ့ မူပိုင်ခွင့် ဒီဇိုင်းကတော့ စိတ်ဝင်စားစရာပါ။ PriceBaba က ရှာဖွေတင်ပြထားတဲ့ အချက်အလက်အရ တရုတ်အခြေစိုက် ကုမ္ပဏီရဲ့ Foldable ဒီဇိုင်းဟာ သုံးခေါက်ချိုး ဒီဇိုင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက TCL က ပြသခဲ့တဲ့ သုံးခေါက်ချိုး ရှေ့ပြေးပုံစံနဲ့ သဘောတရားချင်း တူတယ်လို့ပဲ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ZTE က မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းကလည်း သင့်တော်တဲ့အသေးစိတ်အချက်အလက်တွေ မပါရှိတာကြောင့် မပြီးဆုံးသေးတဲ့ ဒီဇိုင်းဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ဒီ သုံးခေါက်ချိုး Foldable ဒီဇိုင်းကို အချိန်တိုအတွင်း လက်တွေ့ထုတ်လုပ်ပြီးသားအဖြစ် မြင်ရဖို့ မမျှော်လင့်နိုင်ပါဘူး။ မူပိုင်ခွင့်က မူပိုင်ခွင့်ပဲလို့သာ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina