ZTE ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ကမ္ဘာ့ပထမဆုံး In-Display Camera ကို အသုံးပြုထားတဲ့ Axon 20 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်အထိလည်း တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေက In-Display Camera ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါ ZTE Axon 20 5G စမတ်ဖုန်းဟာ ထွက်ရှိတဲ့အချိန်တုန်းကတော့ Camera Quality ပိုင်းမှာ ပုံမှန်စမတ်ဖုန်း Selfie Camera တွေနဲ့ ယှဥ်ရင် အားနည်းနေတယ်ဆိုပြီး ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။ အဲ့ဒါကို ZTE ကနေ မကြာခင်မှာ ပြင်ဆင်သွားတော့မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ZTE Terminal Business Unit ရဲ့ President နဲ့ Nubia Technologies အတွက် President အဖြစ်ပါ တာဝန်ယူထားတဲ့ Ni Fei ကနေ Weibo စာမျက်နှာကနေတစ်ဆင့် Second-generation In-Display Camera ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ မိတ်ဆက်သွားမယ်ဆိုတာကိုတေ့ာ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။

ZTE ဟာ အစောပိုင်းတုန်းကလည်း Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမယ့် Axon 30 နဲ့ Nubia Z30 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားဖို့ ရှိနေတယ်ဆိုပြီး ပြောကြားခဲ့ဖူးပါသေးတယ်။ အဲ့ဒီအတွက် အဆိုပါစမတ်ဖုန်းတွေမှာ ဒီလိုမျိုး Second-generation In-display Camera ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ZTE အနေနဲ့ တခြားသော OPPO ၊ Huawei ၊ Xiaomi နဲ့ Samsung တို့က အခုထိ In-display Camera နဲ့ စမတ်ဖုန်းကို မိတ်ဆက်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ Second-generation In-display Camera နဲ့ ဖုန်းကို ထုတ်ပြမယ်ဆိုတာကတော့ အထင်ကြီးဖို့ကောင်းနေပါတယ်။

Ref – Gizmo China