စက်တင်ဘာလ ၁ ရက်နေ့ဟာ စမတ်ဖုန်း လောကအတွက် သမိုင်းမှတ်တိုင် ၁ ခု ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ZTE က မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းကို အဲဒီနေ့မှာ ကြေညာတော့မှာကြောင့် ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ZTE ဥက္ကဌ Ni Fei က Axon 20 5G ရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။

ဓါတ်ပုံအရ မျက်နှာပြင်အောက်က ဘောင်ကလွဲပြီး ကျန်တဲ့ ဘေးဘောင်တွေဟာ အရမ်းကို ပါးလွှာပါတယ်။ ညာဘက်မှာ ခလုတ် ၃ ခု တပ်ဆင်ထားပြီး အသံနဲ့ ပါဝါ ခလုတ်တွေ ဖြစ်ပါတယ်။ ဘယ်ဘက်မှာ ဘာခလုတ်မှ မပါလာပါဘူး။ ဖုန်းရဲ့ အထက်နဲ့ အောက်ဘက်ကိုတော့ ဓါတ်ပုံမှာ မမြင်ရပါဘူး။

ဖုန်းက Wallpaper မှာ ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ သုံးနေကြတဲ့ အရှေ့ ကင်မရာ ဒီဇိုင်းတွေကို သရုပ်ဖော်ပြသထားပြီး Punch Hole ကို ဘယ်ဘက်နဲ့ အလယ်မှာ တပ်ထားတာ၊ ဆေးတောင့်ပုံ Punch Hole နဲ့ မော်တာ အခြေပြု Pop Up ဆဲလ်ဖီးကင်မရာတွေကို တွေ့ရပါတယ်။ Wallpaper ရဲ့ အလယ်မှာ‌တော့ မမြင်ရတဲ့ မျက်နှာပြင်အောက်ကင်မရာကို သရုပ်ဖော်ထားပါတယ်။

Axon 20 5G မှာ ၆.၉၂ လက်မ FHD+ OLED မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 2.4GHz Octa-core Processor ထည့်ထားမယ်လို့ သတင်းထွက်နေတဲ့အတွက် Snapdragon 765G ဖြစ်နိုင်ပါတယ်။ 12GB RAM နဲ့ 256GB Storage တွေ အထိ ရွေးချယ်နိုင်မှာပါ။ မျက်နှာပြင်အောက် ကင်မရာက 32MP ဖြစ်ပြီး အနောက်ကင်မရာတွေက 64MP + 8MP + 2MP + 2MP ဖြစ်နိုင်ပါတယ်။ 4120mAh ဘက်ထရီ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Android 10 ပါလာနိုင်ပါတယ်။

Ref ; gizmochina