ကနေဒါ ဓါတ်ပုံ ဆရာ Steven Haining နဲ့ မော်ဒယ် Ciara Antowski တို့ဟာ အနက်ဆုံး ပင်လယ်ရေအောက်မှာ ဓါတ်ပုံရိုက်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ သူတို့ဟာ ပင်လယ် ရေအနက် ၁၆၃ ပေမှာ ဓါတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံရိုက်တဲ့ နေရာက ဖလော်ရီဒါ ကမ်းရိုးတန်းမှ Hydro Atlantic သင်္ဘောပျက်မှာ ဖြစ်ပါတယ်။ ဒီလောက်နက်တဲ့ ပင်လယ်ရေအောက်မှာ ဓါတ်ပုံ ရိုက်ကူးဖို့ ဆိုတာ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် Haining နဲ့ အဖွဲ့ဟာ ရေဖိအားဒဏ် ခံနိုင်ဖို့၊ နည်းပညာပိုင်းဆိုင်ရာ အပါအဝင် လေ့ကျင့်မှု များစွာကို လပေါင်းများစွာ ပြုလုပ်ခဲ့ကြရပါတယ်။

ဒီလို စိန်ခေါ်မှုတွေ ရှိနေပေမယ့် သူတို့ရဲ့ ဓါတ်ပုံ ရိုက်ကူးမှုဟာ အောင်မြင်ခဲ့ပြီး အလွန်လှပတဲ့ ပင်လယ်ရေအောက် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ Haining က အနာဂတ်မှာလည်း ဒီလို စိတ်လှုပ်ရှားစရာ ပင်လယ်ရေအောက် ဓါတ်ပုံ ရိုက်ကူးမှုတွေ ဆက်လက် ပြုလုပ်မယ်လို့ ပြောပါတယ်။

Haining ဟာ ပင်လယ်ရေအောက် ဓါတ်ပုံ ရိုက်ကူးတာကို ဝါသနာ ပါသူ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာလည်း ဂင်းနစ် ကမ္ဘာ့ စံချိန်တင်ခဲ့ဖူးပါတယ်။ အခု စံချိန်ကတော့ အရင်စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref : Tech Explorers