အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆေးဝါးအသစ်တစ်ခုကြောင့် “သေဆုံး” သွားပြီလို့ ယူဆရတဲ့သူတွေ ပြန်လည်ရှင်သန်လာခဲ့ရတယ်လို့ ထူးဆန်းအံ့ဩစရာကောင်းတဲ့ ပြောဆိုချက်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ဂယက်ထပြီး ဝေဖန်တုံ့ပြန်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ သေသွားတဲ့သူတွေကို ပြန်ခေါ်လာနိုင်ခဲ့တာပါ၊ ဘုန်းကြီးတွေက နောက်ဆုံးအချိန် ဘာသာရေးအရ ဆုတောင်းပေးပြီးလို့ ကလေးတွေလည်း ငိုယိုနေကြတဲ့၊ လုံးဝ သွားပြီလို့ ထင်ရတဲ့သူတစ်ယောက်ကို ဒီဆေးဝါး စကျွေးလိုက်တာနဲ့တင် အဲဒီလူ ချက်ချင်းပြန်ကောင်းလာတယ်၊ တကယ်ကို အစွမ်းထက်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။ အဆိုပါ ပြောကြားချက်ဟာ ရောဂါကျွမ်းနေတဲ့ လူနာတွေကို အန္တရာယ်ရှိတဲ့ စမ်းသပ်ဆဲကုသမှုတွေကို စမ်းသပ်ခွင့်ပြုတဲ့ ဥပဒေ (Right to Try Act) ကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာလို့ ယူဆရပါတယ်။

ဝေဖန်သူတွေကတော့ ဒေါ်နယ်ထရမ့်အနေနဲ့ ရောဂါပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေ ပြန်လည်သက်သာလာတဲ့ ဖြစ်စဉ်တွေကို တကယ့်ရုပ်ရှင်ဆန်ဆန် အလွန်အကျွံ ချဲ့ကားပြောဆိုနေတာဖြစ်ပြီး အခုလို လူသေကို ပြန်ရှင်စေတယ်ဆိုတဲ့ အံ့ဖွယ်ဆေးဝါးနဲ့ ပတ်သက်လို့လည်း ခိုင်လုံတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘူးလို့ ဝေဖန်ထောက်ပြထားကြပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဒီပြောဆိုချက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ အချိန်တိုအတွင်း နာမည်ကြီးသွားခဲ့ပြီး လူအများစုကတော့ ဒါဟာ ဟောလိဝုဒ် ဇွန်ဘီရုပ်ရှင်တွေထဲက ဇာတ်ကွက်တစ်ခုလို ဖြစ်နေကြောင်း ခနဲ့တဲ့တဲ့ ဝေဖန်နေကြသလို သူပြောတဲ့ “သေဆုံးသွားတယ်” ဆိုတဲ့ စကားလုံးဟာ တကယ့်ကို နှလုံးခုန်ရပ်ပြီး အသက်ပါ မရှိတော့တဲ့ အခြေအနေကို ဆိုလိုတာလားဆိုပြီးတော့လည်း ပြောင်လှောင်မေးခွန်းထုတ်နေကြပါတယ်။
Ref : Fossbytes