အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ နည်းပညာ ထိပ်သီး ကုမ္ပဏီတွေက CEO တွေဟာ Artificial Intelligence (AI) နည်းပညာ စိစစ်ထိန်းချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ “Joint Commitment On Frontier Responsibilities” လို့ အမည်ပေးထားတဲ့ အဲဒီ သဘောတူညီချက်ကို ထရန့်က “ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလိုပါပဲ” လို့ တင်စားပြောဆိုခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို Anthropic၊ Google၊ Meta၊ OpenAI၊ Nvidia နဲ့ xAI စတဲ့ ကမ္ဘာ့ထိပ်တန်း AI ကုမ္ပဏီတွေက အဓိက ခေါင်းဆောင်တွေ အစုံအလင် တက်ရောက်ခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်မှာ စာချုပ်စာတမ်းအရ တရားဝင် အရေးယူဆောင်ရွက်နိုင်တဲ့ သတ်မှတ်ချက်တွေ မပါဝင်ပေမဲ့ ကုမ္ပဏီတွေရဲ့ ကိုယ်တိုင် ထိန်းကျောင်းစောင့်ကြည့်မှု (Self-policing) ကို အဓိက အလေးပေးထားပါတယ်။ ဒါ့ပြင် AI နည်းပညာ လျှင်မြန်စွာ တိုးတက်လာမှုနဲ့အတူ ဆိုင်ဘာလုံခြုံရေးနဲ့ ဇီဝလုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တွေကို ဟန့်တားနိုင်ဖို့ အတွင်းပိုင်း ထိန်းချုပ်မှု၊ ပြင်ပ သီးခြား စေတနာ့ဝန်ထမ်း စစ်ဆေးသူတွေရဲ့ စိစစ်မှုနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ စောင့်ကြည့်စစ်ဆေးမှု စတဲ့ အဆင့် ၄ ဆင့်ပါ Safeguard စနစ်တွေကို စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

သမ္မတ ထရန့်က အမေရိကန်အနေနဲ့ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်နေရချိန်မှာ AI နည်းပညာ တိုးတက်မှုကို နှောင့်နှေးစေမယ့် တင်းကျပ်လွန်းတဲ့ စည်းမျဉ်းတွေကို ပိတ်ပင်သွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန် အစိုးရဌာနတွေရဲ့ တရားဝင် စာရွက်စာတမ်းတွေနဲ့ ပေါ်လစီတွေမှာ “Artificial Intelligence” (AI) အစား “Super Intelligence” (SI) လို့ ပြောင်းလဲသုံးစွဲဖို့ ညွှန်ကြားတဲ့ အမိန့်တစ်ရပ်ကိုလည်း ထရန့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
Ref : Times of India