ဆိုရှယ်မီဒီယာပေါ်မှာ လျှပ်စစ်ကား (EV) တစ်စင်း မီးလောင်နေတဲ့ ဗီဒီယိုတွေဟာ ကြည့်ရှုသူသန်းပေါင်းများစွာနဲ့ ဟိုးလေးတကျော် ဖြစ်လေ့ရှိပြီး EV တွေဟာ အန္တရာယ်များတယ်ဆိုတဲ့ အထင်အမြင်လွဲမှားမှုတွေကို ဖြစ်စေပါတယ်။
တကယ်တော့ အဲဒီလိုဗီဒီယိုတစ်ခု ပြန့်နှံ့နေတဲ့ သီတင်းပတ်ထဲမှာတင် အမေရိကန်မှာ ဆီသုံးကား အစီးရေ ၃,၀၀၀ ကျော် မီးလောင်မှုဖြစ်ပွားခဲ့ပေမယ့် သတင်းဌာနတွေနဲ့ လူမှုကွန်ရက်တွေက သတိမထားမိခဲ့ကြပါဘူး။
ဆီသုံးကား မီးလောင်မှုဟာ ပုံမှန်လိုဖြစ်နေလို့ လူမစိတ်ဝင်စားပေမယ့် EV မီးလောင်ရင်တော့ ပုံမှန်မဟုတ်ဘဲ ထူးခြားဆန်းပြားတာကြောင့် အယ်လ်ဂိုရီသမ် (Algorithm) တွေရဲ့ အကြိုက်ဖြစ်ပြီး ဟိုးလေးတကျော် ဖြစ်ကာ လူတွေအကြောက်လွန်အောင် ပုံကြီးချဲ့သလို ဖြစ်သွားတာပါ။

ကမ္ဘာ့နိုင်ငံအသီးသီးက တရားဝင်အချက်အလက်တွေကို စစ်ဆေးကြည့်ရင် လျှပ်စစ်ကားတွေဟာ ဆီသုံးကားတွေထက် မီးလောင်နိုင်ခြေ သိသိသာသာ ပိုနည်းတာကို တွေ့ရပါတယ်။
ဆွီဒင်နိုင်ငံရဲ့ သုတေသနအရ ဆီသုံးကားတွေဟာ လျှပ်စစ်ကားတွေထက် မီးလောင်နိုင်ခြေ အဆ ၂၀ ပိုများပြီး သြစတြေးလျအခြေစိုက် အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်မှာတော့ EV တွေဟာ ဆီသုံးကားတွေထက် အဆ ၈၀ ပိုပြီး ဘေးကင်းတယ်လို့ ဖော်ပြထားပါတယ်။
ပိုပြီးအံ့သြဖို့ကောင်းတာက ဟိုက်ဘရစ် (Hybrid) ကားတွေဟာ ဆီအင်ဂျင်ရော လျှပ်စစ်ဘက်ထရီစနစ်ပါ တွဲသုံးထားရလို့ ဝါယာကြိုးနဲ့ စနစ်တွေ ပိုရှုပ်ထွေးတာကြောင့် မီးလောင်နိုင်ခြေ အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
![]()
ဒါပေမယ့် EV ကားတွေ မီးလောင်တဲ့အခါမှာတော့ လစ်သီယမ်အိုင်ယွန် ဘက်ထရီရဲ့ သဘာဝအရ အပူချိန်လွန်ကဲမှု (Thermal Runaway) ဖြစ်ပြီး မီးငြှိမ်းသတ်ရ အလွန်ခက်ခဲတတ်ပါတယ်။
EV မီးကို ငြှိမ်းသတ်ဖို့ ဆီသုံးကားထက် ရေပမာဏ အဆပေါင်းများစွာ ပိုလိုရုံတင်မကဘဲ မီးငြိမ်းသွားပြီး နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအကြာမှာလည်း ပြန်လည်မီးတောက်လာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
လတ်တလောမှာတော့ ကားထုတ်လုပ်သူတွေဟာ မီးလောင်နိုင်ခြေ ပိုနည်းတဲ့ Lithium Iron Phosphate (LFP) ဘက်ထရီတွေနဲ့ အခဲသုံးဘက်ထရီ (Solid-state Battery) နည်းပညာတွေကို ပြောင်းလဲအသုံးပြုပြီး EV တွေကို ပိုမိုဘေးကင်းအောင် ဆက်လက်မြှင့်တင်နေကြပါတယ်။
Ref: Engineeringjunkies