Dyna Robotics ကုမ္ပဏီက တီထွင်ထားတဲ့ Taku အမည်ရှိ စီးပွားရေးလုပ်ငန်းသုံး အဝတ်လျှော်စက်ရုပ်ဟာ ဟိုတယ်အဝတ်လျှော်ခန်းတစ်ခုအတွင်း လူသားတွေရဲ့ ကူညီဆောင်ရွက်ပေးမှု လုံးဝမယူဘဲ မိနစ် ၆၀ ကြာ မနားတမ်း စနစ်တကျ အလုပ်လုပ်ပြသွားခဲ့ပါတယ်။ ဒီစက်ရုပ်ဟာ အလုပ်တစ်ခုတည်းကို ထပ်ခါတလဲလဲ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တွေထဲ အဝတ်ထည့်တာ၊ တဘက်တွေကို ပြန်ထုတ်ယူပြီး ဖြန့်ခင်းတာ၊ စနစ်တကျ ခေါက်သိမ်းတာနဲ့ စင်ပေါ် စိစစ်တင်ပေးတာ အပါအဝင် လုပ်ငန်းစဉ်တစ်လျှောက်လုံးကို တစ်ဆက်တည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Taku စက်ရုပ်မှာ ဘက်ပေါင်းစုံ လှုပ်ရှားနိုင်တဲ့ လက်တံ ၂ ဖက်နဲ့ မောင်းနှင်ရလွယ်ကူတဲ့ ဘီး ၄ ဘီး ပါဝင်တာကြောင့် စက်ကိရိယာတွေ၊ စိစစ်ရေးစားပွဲတွေနဲ့ စင်တွေကြားမှာ အဆင်ပြေစွာ သွားလာလှုပ်ရှားနိုင်ပါတယ်။ အဝတ်လျှော်ခြင်း လုပ်ငန်းစဉ်တစ်ခုမှာ အဓိက ဆုံးဖြတ်ချက် ၁၃ ခု၊ အဆင့်ပေါင်း ၇၉ ဆင့်နဲ့ အသေးစိတ်လုပ်ဆောင်ချက် ရာပေါင်းများစွာ ပါဝင်ပြီး Taku ဟာ အဝတ်ကျသွားတာမျိုး သို့မဟုတ် ကိုင်တွယ်ရာမှာ မှားယွင်းသွားတာမျိုး ရှိရင်လည်း လူအကူအညီမလိုဘဲ မိမိဘာသာ ပြန်လည်ပြင်ဆင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ဒီစနစ်ကို စက်ရုပ်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်ဝန်းကျင်အခြေအနေကို နားလည်ဆုံးဖြတ်နိုင်တဲ့ Dyna-2.1 နည်းပညာနဲ့ မောင်းနှင်ထားတာဖြစ်ပြီး လူနဲ့ စက်ရုပ်တို့ရဲ့ ဒေတာနာရီပေါင်း ၁ သန်းကျော်ကို အသုံးပြုကာ လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပါတယ်။ Dyna ကုမ္ပဏီအနေနဲ့ ဒီနည်းပညာကို ဟိုတယ်တွေ၊ အဝတ်လျှော်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းခွင် အသီးသီးမှာ လက်တွေ့အသုံးပြုနိုင်ဖို့ ဦးတည်တီထွင်နေတာဖြစ်ပါတယ်။
Ref : Technology Innovation