ဥရောပနိုင်ငံအချို့ရှိ စူပါမားကတ်တွေမှာ ရေခဲသေတ္တာတွေနဲ့ ရေခဲခန်းတွေကို ထိခိုက်ပျက်စီးစေခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး စားစရာတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ အိုင်ယာလန်နဲ့ အက်စတိုးနီးယားနိုင်ငံတွေက ဆိုင်တွေမှာ ဖြစ်ပွားခဲ့တာပါ။

 

ဆွီဒင်နိုင်ငံမှာဆိုရင် ICA စူပါမားကတ်တစ်ခုက ဟက်ကာတွေဟာ ရေခဲခန်းအပူချိန်ကို ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြှင့်တင်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဝန်ထမ်းတွေအနေနဲ့ ထိခိုက်ခဲ့ရတဲ့ စားစရာတွေကို စွန့်ပစ်ခဲ့ရပါတယ်။ အလားတူပဲ Coop ဆိုင် ခြောက်ဆိုင်၊ ဘယ်လ်ဂျီယံက Carrefour ဆိုင် ၁၅ ဆိုင်၊ Colruyt နဲ့ Delhaize ဆိုင်တွေမှာလည်း အလားတူ ထိခိုက်မှုတွေ ကြုံခဲ့ရပါတယ်။

 

ဒါ့အပြင် အိုင်ယာလန်နိုင်ငံမှာ SuperValu ဆိုင် ၁၃ ဆိုင်နဲ့ အက်စတိုးနီးယား စူပါမားကတ်တစ်ခုတို့မှာလည်း ရေခဲခန်းအပူချိန်မြင့်တက်တဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ဘယ်လ်ဂျီယံ သားသတ်သမားတစ်ဦးရဲ့ ပျက်စီးသွားတဲ့ ရေခဲသေတ္တာစနစ်ကြောင့် အသားတန်ဖိုး ယူရို ၁၅,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး တိုက်ခိုက်သူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Ref : Technology Innovation