သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေထဲကလို လူသားတွေရဲ့ လှုပ်ရှားမှုအတိုင်း အာကာသထဲမှာ လိုက်လုပ်ပေးနိုင်မယ့် စက်ရုပ်တစ်ရုပ် တကယ်ရောက်ရှိလာပါပြီ။ ရုရှားအာကာသအေဂျင်စီ Roscosmos ဟာ Teledroid လို့ အမည်ပေးထားတဲ့ လူတူစက်ရုပ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က Progress MS-36 ကုန်တင်အာကာသယာဉ်နဲ့ နိုင်ငံတကာအာကာသစခန်း (ISS) ဆီ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။ Unite.AI ရဲ့ ဖော်ပြချက်အရ ကုန်တင်ယာဉ်ဟာ သတ်မှတ်ပတ်လမ်းကြောင်းထဲ ရောက်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် မော်စကိုစံတော်ချိန် ၁၅ နာရီ ၁၀ မိနစ်မှာ အာကာသစခန်းနဲ့ ချိတ်ဆက်ကာ စက်ရုပ်ကို ပြင်ပမှာတပ်ဆင်စမ်းသပ်မယ့် အဆင့်တွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

အန္တရာယ်များလှတဲ့ အာကာသလမ်းလျှောက်မှုတွေမှာ အာကာသယာဉ်မှူးတွေ အပြင်ထွက်နေရတဲ့အချိန်ကို လျှော့ချပေးနိုင်ဖို့က အဲဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ NPO Android Technics နဲ့ RSC Energia တို့ ပူးပေါင်းဖန်တီးထားတဲ့ Teledroid ဟာ အာကာသယာဉ်မှူးတွေ အပြင်မထွက်ခင် အဖုံးတွေဖွင့်တာနဲ့ စက်ပစ္စည်းတွေ ကြိုတင်တပ်ဆင်တာမျိုးတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။ အထူးခြားဆုံးကတော့ အာကာသစခန်းထဲက ဒါမှမဟုတ် ကမ္ဘာမြေပေါ်က ထိန်းချုပ်သူတစ်ဦးက အထူးဝတ်စုံဝတ်ပြီး လှုပ်ရှားပြလိုက်တာနဲ့ စက်ရုပ်က တစ်ပုံစံတည်း လိုက်လုပ်ပေးနိုင်သလို တချို့လုပ်ငန်းတွေကိုလည်း သူ့ဘာသာ အလိုအလျောက် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

အဲဒီလူတူစက်ရုပ် မရောက်ခင်ကတည်းက သူ့ကိုထိန်းချုပ်မယ့် ထိန်းချုပ်ရေးစခန်း၊ ကွန်ပျူတာစနစ်၊ ပြင်ပကင်မရာနဲ့ အပြင်ဘက်အရိုးစုဝတ်စုံတွေကို ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ Progress MS-35 ယာဉ်နဲ့ ကြိုတင်ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေဖြစ်တဲ့ Pyotr Dubrov နဲ့ Anna Kikina တို့ဟာ အဲဒီစနစ်တွေကို တပ်ဆင်ပြီး ပုံစံတူစနစ်တွေနဲ့ လေ့ကျင့်နေကြသလို စက်ရုပ်ကို အပြင်ထုတ်သယ်ယူတာနဲ့ ဆက်သွယ်ရေးချိတ်ဆက်တာတွေအတွက် ရေအောက်မှာပါ ကြိုတင်လေ့ကျင့်ထားကြပါတယ်။ ISS ပေါ်မှာ စမ်းသပ်မှုတွေ ပြီးသွားရင်တော့ Teledroid ကို Nauka အခန်းရဲ့ အပြင်ဘက်မှာ တပ်ဆင်ပြီး အာကာသလုပ်ငန်းခွင်ထဲ စတင်အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။
Ref : humanoid.guide





