အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) က အမေရိကန်ဈေးကွက်ထဲ ရောင်းချမယ့် စမတ်ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တရုတ်နိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးခွင့် ပိတ်ပင်လိုက်ပါတယ်။ လက်ရှိမှာ အမေရိကန်ဈေးကွက်ထဲက ပစ္စည်း ၇၅ ရာခိုင်နှုန်းလောက်ဟာ တရုတ်ဓာတ်ခွဲခန်းတွေရဲ့ စမ်းသပ်ချက်တွေအပေါ် မှီခိုနေရတာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံကို လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိတယ်လို့ သတ်မှတ်ထားတာကြောင့် အခုလို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်တာပါ။

ဒါ့အပြင် အမေရိကန်နဲ့ အပြန်အလှန် အသိအမှတ်ပြု သဘောတူညီချက် (MRA) မရှိတဲ့ ဘယ်နိုင်ငံမှာမဆို စက်ပစ္စည်းစမ်းသပ်တာတွေကိုပါ ပိတ်ပင်ဖို့ FCC က အဆိုပြုထားပါတယ်။ အကယ်လို့ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင်တော့ လက်ရှိရောင်းချနေတဲ့ ဖုန်းအဟောင်းတွေအပေါ် သက်ရောက်မှု မရှိနိုင်ပေမဲ့ နောင်ထွက်လာမယ့် မော်ဒယ်အသစ်တွေအတွက်တော့ စည်းမျဉ်းသစ်တွေက စိန်ခေါ်မှု ဖြစ်လာတော့မှာပါ။

နောက်ပိုင်းထွက်လာမယ့် စမတ်ဖုန်းအသစ်တွေကို အမေရိကန်ဆီ မတင်ပို့ခင် FCC က ခွင့်ပြုထားတဲ့ တခြားနိုင်ငံက ဓာတ်ခွဲခန်းတွေဆီ အရင်ပို့ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရတာဟာ ဖုန်းထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ် ပိုများစေမှာဖြစ်သလို အချိန်လည်း ပိုကြာသွားစေနိုင်ပေမဲ့ ရှေ့ဆက်ဖို့အတွက် ဒါဟာ လိုအပ်တဲ့ ခြေလှမ်းတစ်ခုလို့ FCC က ယူဆထားပါတယ်။
Ref : gsmarena