Google က နည်းပညာလောကကို ထပ်မံကိုင်လှုပ်လိုက်ပြန်ပြီး နောက်ဆုံးပေါ် AI မော်ဒယ်အမျိုးအစားသစ်ဖြစ်တဲ့ Gemini 3.5 မိသားစုဝင်တွေနဲ့အတူ စိတ်ကူးထဲကဗီဒီယိုတွေကို လက်တွေ့အဖြစ် ပြောင်းလဲပေးနိုင်မယ့် Gemini Omni မော်ဒယ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ အခုပဲ လူတိုင်း စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်တဲ့ Gemini 3.5 Flash မော်ဒယ်ဟာ Flash စီးရီးတွေရဲ့ ထုံးစံအတိုင်း အလုပ်လုပ်တာ လျှပ်စီးလို မြန်ဆန်ရုံတင်မကဘဲ ကုဒ်ရေးတဲ့အပိုင်းနဲ့ အချက်အလက်တွေကို ဘက်ပေါင်းစုံကနေ နားလည်သဘောပေါက်တဲ့နေရာမှာ အရင်ထွက်ထားတဲ့ စီနီယာ Gemini 3.1 Pro ထက်တောင် စွမ်းဆောင်ရည် သိသိသာသာ သာလွန်လာပါတယ်။ အခုဆိုရင် Gemini အက်ပ်နဲ့ Google Search ရဲ့ AI Mode တွေမှာ ဒီမော်ဒယ်သစ်ကို ထည့်ပေးထားပါတယ်။

ပွဲထွက်လာတာနဲ့ လူပြောအများဆုံးဖြစ်နေတဲ့ Gemini Omni မော်ဒယ်ကတော့ ပုံရိပ်တွေ၊ အသံတွေ၊ ဗီဒီယိုတွေနဲ့ စာသားတွေကို ပေါင်းစပ်ပြီး အရည်အသွေးမြင့် ဗီဒီယိုတွေအဖြစ် ဖန်တီးပေးနိုင်တဲ့အပြင် ဗီဒီယိုထွက်လာပြီးရင်လည်း စကားပြောရုံနဲ့တင် စိတ်ကြိုက် ပြန်လည်ပြင်ဆင်နိုင်ဦးမှာဖြစ်ပါတယ်။ အဲဒီမိသားစုဝင်ထဲက Gemini Omni Flash မော်ဒယ်ဟာ ဗီဒီယိုတစ်ခုရဲ့ အဓိကနောက်ခံ ဇာတ်ကွက်ကို ပျက်မသွားစေဘဲ စိတ်ကြိုက်အသေးစိတ်အချက်အလက်တွေကို အဆင့်ဆင့် စကားပြောပြီး ပြောင်းလဲပြင်ဆင်နိုင်စွမ်း ရှိပါတယ်။
ထူးခြားချက်ကတော့ ဒီမော်ဒယ်သစ်ဟာ ကမ္ဘာမြေဆွဲအား၊ အရွေ့စွမ်းအင်နဲ့ အရည်တွေရဲ့ စီးဆင်းမှုသဘာဝ (Fluid dynamics) စတဲ့ ရူပဗေဒသဘောတရားတွေကို ပိုပြီး ပိုင်ပိုင်နိုင်နိုင် နားလည်လာတာကြောင့် ဟောလိဝုဒ်ရုပ်ရှင်တွေလို ပိုမိုလက်တွေ့ကျတဲ့ ဗီဒီယိုဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ကိုယ်ပိုင်အသံတွေ၊ ကိုယ်ပိုင်ဒီဂျစ်တယ်ရုပ်ပုံ (Avatar) တွေကို သုံးပြီးတော့လည်း ဗီဒီယိုတွေ ဖန်တီးနိုင်မှာဖြစ်ပြီး ထွက်လာတဲ့ ဗီဒီယိုတိုင်းမှာ SynthID ဒီဂျစ်တယ်ရေစာ (Watermark) ပါဝင်မှာဖြစ်ပါတယ်။ ဒီ Gemini Omni Flash ကို Google AI Plus, Pro နဲ့ Ultra သုံးနေသူတွေအတွက် Gemini အက်ပ်နဲ့ Google Flow တွေမှာ စတင်အသုံးပြုနိုင်ပြီဖြစ်သလို YouTube Shorts နဲ့ YouTube Create အသုံးပြုသူတွေအတွက်လည်း အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။
Ref : gsmarena