၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ Google Translate ဝန်ဆောင်မှုဟာ အခုဆိုရင် သက်တမ်း အနှစ် ၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းလောက် အသုံးပြုနိုင်တဲ့ ဘာသာစကားပေါင်း ၂၅၀ နီးပါးကို ပံ့ပိုးပေးထားပြီး တစ်လကို အသုံးပြုသူ တစ်ဘီလီယံကျော် ရှိနေတာပါ။ အဲဒီထဲမှာ အင်္ဂလိပ်ကနေ စပိန်ဘာသာကို ပြန်ဆိုတာက အများဆုံးဖြစ်ပြီး “Thank you” (ကျေးဇူးတင်ပါတယ်) ဆိုတဲ့ စကားစုဟာ ဘာသာအပြန်ရဆုံး စကားစု ဖြစ်တယ်လို့ သိရပါတယ်။

အခု အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ အသုံးပြုသူတွေ အတောင်းဆိုဆုံးဖြစ်တဲ့ “အသံထွက် လေ့ကျင့်ခန်း” (Pronunciation Practice) လုပ်ဆောင်ချက်ကို Google က စတင်မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေက Android အသုံးပြုသူတွေအတွက် အင်္ဂလိပ်၊ စပိန်နဲ့ ဟိန္ဒီ ဘာသာစကားတွေမှာ စတင်ရရှိနေပြီ ဖြစ်ပါတယ်။ ဒီစနစ်ဟာ AI ကို အသုံးပြုပြီး အသုံးပြုသူရဲ့ အသံထွက်ကို စစ်ဆေးပေးမှာဖြစ်သလို ပိုကောင်းလာအောင် ဘယ်လိုပြင်ရမယ်ဆိုတာကိုပါ ချက်ချင်း အကြံပြုပေးမှာ ဖြစ်ပါတယ်။

20 fun facts to celebrate Google Translate turning 20

 

ဒါ့အပြင် Google ဟာ ခက်ခဲတဲ့ အီဒီယံ (Idioms) တွေ၊ ဒေသသုံး စကားလုံးတွေနဲ့ ဝါကျရဲ့ ဆိုလိုရင်း အနက်အဓိပ္ပာယ်တွေကို ပိုမိုတိကျအောင် AI နဲ့ ပေါင်းစပ် လုပ်ဆောင်နေပါတယ်။ အဲဒီ Practice လုပ်ဆောင်ချက်ကို အသုံးပြုသူတွေဟာ ပြင်ပကမ္ဘာမှာ တကယ်ပြောဆိုရမယ့် အခြေအနေတွေအတွက် ယုံကြည်မှုရှိရှိနဲ့ သဘာဝကျကျ ပြောဆိုနိုင်အောင် လေ့ကျင့်ခန်းတွေ လုပ်တဲ့နေရာမှာ အသုံးပြုနေကြတယ်လို့ Google က ပြောပါတယ်။

Ref: gsmarena