လက်ရှိ စမတ်ဖုန်းတွေတောင် မလုပ်ဆောင်နိုင်သေးတဲ့ “ဖုန်းပြောနေစဉ် ပတ်ဝန်းကျင်အနံ့ ပေးပို့ခြင်း” ဆိုတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းပညာအယူအဆကို နိုကီယာ (Nokia) ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းကတည်းက လေ့လာဆန်းစစ်ခဲ့ဖူးပါတယ်။ လန်ဒန်မြို့ Central Saint Martins ကျောင်းမှ သုတေသနကျောင်းသူ Kimberly Hu နဲ့ နိုကီယာတို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဒီ Nokia Scentsory ဖုန်းဒီဇိုင်းဟာ အမြင်၊ အကြား၊ အထိအတွေ့နဲ့ အနံ့ဆိုတဲ့ အာရုံ ၄ ပါးလုံးကို ပေါင်းစပ်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဖုန်းပြောဆိုသူတစ်ဦးရဲ့ ပတ်ဝန်းကျင်က အနံ့ကို စုံစမ်းသိရှိပြီး အခြားတစ်ဖက်က ဖုန်းပြောသူဆီကို ပါဝင်တဲ့ ကိရိယာတွေကနေတစ်ဆင့် အနံ့ပြန်လည်ထုတ်လွှတ် ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒီဖုန်းမှာ LCD မျက်နှာပြင် နှစ်ခု၊ ကီးပတ်၊ အနံ့စုံစမ်းကိရိယာနဲ့ အနံ့ထုတ်လွှတ်ကိရိယာတွေ ပါဝင်မယ့်အပြင် ပတ်ဝန်းကျင်ရဲ့ အရောင်နဲ့ အပူချိန်စတဲ့ အချက်အလက်တွေကိုပါ ပေးပို့နိုင်အောင် စမ်းသပ်ခဲ့တာပါ။ အနံ့ဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် သီးသန့် Scentsory Mode အပါအဝင် မုဒ် ၃ မျိုးအထိ ထည့်သွင်းစဉ်းစားခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်လတုန်းက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အနာဂတ် မိုဘိုင်းဒီဇိုင်းပြပွဲမှာလည်း ဒီဖုန်းရဲ့ မော်ဒယ်နမူနာကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီ Scentsory ဖုန်းဟာ အမှန်တကယ် စီးပွားရေးအရ ထုတ်လုပ်ရောင်းချတဲ့ အဆင့်အထိ ရောက်ရှိမလာခဲ့ဘဲ စိတ်ကူးယဉ် နမူနာဒီဇိုင်းအဖြစ်ပဲ ကျန်ရှိခဲ့ပါတယ်။ ဒီပရောဂျက်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖြစ်လာနိုင်မယ့် မိုဘိုင်းနည်းပညာ အလားအလာတွေကို ကြိုတင်မျှော်မှန်း စမ်းသပ်ခဲ့တာဖြစ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးကတည်းက ဒီဇိုင်းနာတွေ အနာဂတ်စမတ်ဖုန်းတွေကို ဘယ်လောက်အထိ အမြင်ကျယ်ကျယ် ပုံဖော်ခဲ့ကြသလဲဆိုတာကို ပြသနေတဲ့ အလွန်ထူးခြားတဲ့ သာဓကတစ်ခု ဖြစ်ခဲ့ပါတယ်။
Ref : Technology Innovation