Nvidia ကုမ္ပဏီရဲ့ စီအီးအို ဂျန်းဆန်ဟောင်း (Jensen Huang) ဝတ်ဆင်ခဲ့ဖူးတဲ့ အနက်ရောင် သားရေဂျာကင်ကို နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၉၆၀,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီပွဲကို Sotheby’s လေလံဌာနက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး မူလခန့်မှန်းတန်ဖိုး ဒေါ်လာ ၆၀,၀၀၀ ထက် ၁၆ ဆမက ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ Tom Ford တံဆိပ် အဲဒီဂျာကင်ကို ရယူဖို့အတွက် Collector ၄၅ ယောက်အထိ ပါဝင်ယှဉ်ပြိုင် လေလံဆွဲခဲ့ကြပါတယ်။
စတီဗ်ဂျော့ဘ်စ်ရဲ့ အနက်ရောင်လည်ဂုတ်မြင့် အင်္ကျီနဲ့ မာခ်ဇူကာဘတ်ရဲ့ မီးခိုးရောင် တီရှပ်တွေလိုပဲ စီအီးအို ဂျန်းဆန်ဟောင်းဟာ သားရေဂျာကင်ကို သူ့ရဲ့ ကိုယ်ပိုင်ဟန် ပုံစံတစ်ခုအဖြစ် ဝတ်ဆင်လေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် တိုင်းမ် (Time) မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါဝင်ခဲ့စဉ်ကအပါအဝင် လူထုရှေ့မှောက် ထွက်ပေါ်ပွဲတိုင်းလိုလိုမှာ သားရေဂျာကင်တွေကို ဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ Nvidia ဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီလေလံပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို အင်္ဂလိပ်စာ သင်ကြားရေးနဲ့ အနောက်တိုင်း စီးပွားရေး၊ ပညာရေး နည်းလမ်းတွေကို ပညာရှင်တွေထံ သင်ကြားပေးနေတဲ့ Edge Institute အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ Sotheby’s ရဲ့ တာဝန်ရှိသူကတော့ အဲဒီဂျာကင်ဟာ အေအိုင် (AI) ခေတ်သစ်ရဲ့ ထင်ရှားသူတစ်ယောက်နဲ့ အနီးကပ် ဆက်စပ်နေတဲ့ အမှတ်တရ ပစ္စည်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : Channel News Asia