မိုက်ခရိုဆော့ဖ် (Microsoft) ရဲ့ ဘီလျံနာကြီး ဘီလ်ဂိတ်က မိမိအနေနဲ့ အမျိုးသမီးသုံးဦးနဲ့ ဖောက်ပြန်ပတ်သက်ခဲ့ဖူးပြီး အဲဒီအထဲက လျှို့ဝှက်ချက်နှစ်ခုကို ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) က သိရှိထားတယ်လို့ အမေရိကန်အောက်လွှတ်တော် ကော်မတီရဲ့ တံခါးပိတ်ကြားနာပွဲမှာ ပြောကြားလိုက်ပါတယ်။ ဘီလ်ဂိတ်က ဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အမည်တွေကိုပါ တိတိကျကျ ထုတ်ဖော်ခဲ့ပြီး အဲဒီအရှုပ်တော်ပုံတွေဟာ အက်ပ်စတိန်းနဲ့ ပတ်သက်မှုမရှိပေမယ့် မိမိရဲ့ မိသားစုအတွက်တော့ အလွန်ပဲ စိတ်နာကျင်စရာ ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

အက်ပ်စတိန်းဟာ ဘီလ်ဂိတ်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု အချက်အလက်တွေအပြင် တခြားလုပ်ကြံချက်တွေကိုပါ ပေါင်းစပ်ပြီး ဘီလ်ဂိတ်ကို မိမိနဲ့ ပြန်လည်ပတ်သက်လာအောင် ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ အက်ပ်စတိန်းက မိမိကို တိုက်ရိုက် ခြိမ်းခြောက်ငွေညှစ်တာမျိုး မလုပ်ခဲ့ပေမယ့် ၎င်းဆီက ရခဲ့တဲ့ အီးမေးလ်တွေကို ကြည့်ရင်တော့ မိမိကို ခြိမ်းခြောက်ဖို့ ကြံစည်နေတာ ထင်ရှားနေတယ်လို့ လွှတ်တော်အမတ်တွေကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘီလ်ဂိတ်က အက်ပ်စတိန်း ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေမှာ မိမိအနေနဲ့ လုံးဝ (လုံးဝ) ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာဟာ ပရဟိတလုပ်ငန်းတွေနဲ့ အလှူရှင် ရှာဖွေဖို့ သက်သက်အတွက်ပဲ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။
Ref : Fossbytes