လူ့မျက်နှာဓာတ်ပုံလေးတစ်ခုတည်းနဲ့ ကင်ဆာရောဂါရှင်တွေရဲ့ အသက်ရှင်ကျန်ရစ်နိုင်ခြေကို ဖော်ထုတ်ပေးမယ့် ဉာဏ်ရည်တု AI ကိရိယာတစ်ခုကို  ဖန်တီးလိုက်ပါတယ်။  

အမေရိကန်နိုင်ငံက Mass General Brigham အဖွဲ့အစည်းရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ ရုပ်ပုံပေါင်း သန်း ၄၀ ကျော်ကို အသုံးပြုပြီး အဲဒီ AI ကိရိယာကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Lancet Digital Health မှာ ဖော်ပြခဲ့တဲ့ အဲဒီသုတေသနရဲ့ ခန့်မှန်းချက်မှန်ကန်မှုကို တကယ့်လူနာတွေရဲ့ အချက်အလက်တွေနဲ့ စစ်ဆေးအတည်ပြုခဲ့ပါတယ်လို့ ဆိုပါတယ်။

 

ဇီဝဗေဒဆိုင်ရာ အိုမင်းခြင်းဆိုတာ လူတစ်ယောက် နေထိုင်ခဲ့တဲ့ သက်တမ်းနှစ်တွေထက် ကျန်းမာရေးနဲ့ လုပ်ဆောင်နိုင်စွမ်းပိုင်းမှာ ကိုယ်ခန္ဓာက ဘယ်လောက်အိုမင်းနေပြီလဲဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

သုတေသီတွေရဲ့ တွေ့ရှိချက်အရ လူတွေရဲ့ နေထိုင်စားသောက်မှု ပုံစံတွေက မျက်နှာအိုမင်းမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိနေပြီး အရက်သောက်သုံးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဆေးလိပ်သောက်သုံးမှုတွေဟာ ဇီဝဗေဒအရ ပိုအိုမင်းနေပုံပေါ်တာနဲ့ ဆက်စပ်နေပါတယ်။

အဲဒီထဲမှာမှ ဆေးလိပ်သောက်သုံးမှုက အပြင်းထန်ဆုံး ပုံစံကို ပြသနေပြီး လက်ရှိဆေးလိပ်သောက်နေသူတွေက ရှေးယခင်က သောက်ခဲ့ဖူးသူတွေနဲ့ လုံးဝမသောက်ဖူးသူတွေထက် ပိုပြီး အိုမင်းပုံပေါ်နေပါတယ်။

 

ဟားဗက်တက္ကသိုလ်ရဲ့ ပါမောက္ခနဲ့ AI in medicine အစီအစဉ်ရဲ့ ဒါရိုက်တာဖြစ်တဲ့ Hugo Aerts က အဲဒီလုပ်ငန်းစဉ်ဟာ ကင်ဆာရောဂါရှိတဲ့ လူနာတွေရဲ့ မျက်နှာဓာတ်ပုံတွေကနေ အသက်ရှင်ကျန်ရစ်နိုင်ခြေအန္တရာယ်ကို တိုက်ရိုက်လေ့လာသင်ယူနိုင်တဲ့ ပထမဆုံး အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်ကို အစားထိုးဖို့မဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ faceage.bwh.harvard.edu မှာ သုတေသနလေ့လာမှုနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဓာတ်ပုံတင်ကာ ရလဒ်တွေကို စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။

Ref: independent