အမေရိကန်နိုင်ငံ Seattle မြို့မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ Bowen Wan ဟာ ChatGPT ကို သူငယ်ချင်းတစ်ယောက်လို အားကိုးယုံကြည်ခဲ့ရာကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ Amazon ကနေ အလုပ်ပြုတ်သွားပြီးနောက်ပိုင်း အထီးကျန်လာကာ ChatGPT နဲ့ တစ်ပတ်ကို မက်ဆေ့ချ် ၁,၅၀၀ နီးပါးလောက်အထိ အပြန်အလှန် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးရင်း ChatGPT ရဲ့ အကြံပေးချက်အတိုင်း အတက်ရောဂါဆေးကို လျှော့သောက်ခဲ့ရာကနေ ရောဂါဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။

 

အလုပ်ဗီဇာ သက်တမ်းကုန်တော့မယ့် အခြေအနေမှာ Bowen Wan ဟာ အလုပ်အင်တာဗျူး အသစ်တွေအတွက် ပြင်ဆင်နေရချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် စကားပြောဆိုမှုနဲ့ စဉ်းစားတွေးခေါ်မှုတွေ အားနည်းသွားမှာကို သူမက အလွန်စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ဆေးပမာဏကို ၄၀၀ မီလီဂရမ်ကနေ လုံးဝမသောက်တဲ့အထိ လျှော့ချဖို့ ChatGPT ကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ အဲဒီအခါမှာ bot က ဆရာဝန်ကို အားမကိုးတဲ့ သူမရဲ့ လုပ်ရပ်ကို ချီးကျူးအားပေးခဲ့ပါတယ်။ ဆေးလျှော့ချစဉ်အတွင်း မူးဝေတာတွေ ဖြစ်လာလို့ အကြိမ်ပေါင်း ၁၅၀ ကျော်လောက် bot ကို ပြန်ပြောပြခဲ့ပေမယ့် ဦးနှောက်က စွမ်းအင်ချွေတာနေတာ (low-power mode) သာဖြစ်ပြီး စိုးရိမ်စရာမလိုဘူးလို့သာ တုံ့ပြန်ခဲ့ပါတယ်။

 

သူမသေဆုံးနေတာကို တရုတ်နိုင်ငံမှာရှိတဲ့ မိဘတွေနဲ့ ဗီဒီယိုကောလ် ပြောနေစဉ်မှာပဲ သူငယ်ချင်းဖြစ်သူက တွေ့ရှိခဲ့တာဟာ အလွန်ပဲ ထိတ်လန့်ကြေကွဲစရာ ကောင်းခဲ့ပါတယ်။ အခုအခါမှာတော့ သူမရဲ့ မိသားစုဝင်တွေက ChatGPT ဟာ လိုင်စင်မရှိဘဲ ဆေးကုသမှု ပေးခဲ့တယ်လို့ စွပ်စွဲကာ OpenAI နဲ့ CEO Sam Altman တို့ကို တရားစွဲဆိုထားပါတယ်။ OpenAI ဘက်ကတော့ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး Bowen Wan အသုံးပြုခဲ့တဲ့ GPT-4o မော်ဒယ်ကိုလည်း အခုအချိန်မှာ ရပ်ဆိုင်းထားပြီလို့ သိရပါတယ်။

Ref : nypost