တက်စလာနဲ့ စပေ့အက်စ် ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က အနာဂတ်အတွက် ငွေစုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဉာဏ်ရည်တု၊ စက်ရုပ်နည်းပညာနဲ့ စွမ်းအင်ကဏ္ဍတွေ အလွန်တိုးတက်လာတဲ့အခါ အရာရာပေါများတဲ့ ခေတ်တစ်ခေတ်ကို ရောက်လာမှာဖြစ်ပြီး အခုစုဆောင်းထားတဲ့ ငွေကြေးတွေဟာ အရေးပါတော့မှာ မဟုတ်ဘူးလို့ သူက ယုံကြည်နေပါတယ်။

အဲဒီလို ခေတ်ရောက်လာတဲ့အခါ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ရှားပါးမှုမရှိတော့ဘဲ လူတိုင်းက ပိုမိုကောင်းမွန်တဲ့ ဆေးဝါးကုသမှုတွေနဲ့ အခမဲ့ပညာရေးကို ရရှိနိုင်မယ်လို့ မတ်စ်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဂြိုဟ်ပေါင်းစုံစီးပွားရေးစနစ် ဖြစ်ပေါ်လာပြီး သမားရိုးကျငွေကြေးစနစ် လုံးဝအသုံးမဝင်တော့တဲ့ အခြေအနေအထိ ရောက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဉာဏ်ရည်တုပညာရှင်တွေကတော့ သူ့ရဲ့ခန့်မှန်းချက်တွေ မှားယွင်းနိုင်ခြေရှိတဲ့အတွက် အငြိမ်းစားယူဖို့အတွက် ငွေဆက်စုသင့်တယ်လို့ အကြံပြုထားကြပါတယ်။ ဘီလ်ဂိတ်လို တခြားနည်းပညာခေါင်းဆောင်တွေကလည်း ဉာဏ်ရည်တုကြောင့် အရာရာပေါများလာမယ်လို့ မျှော်လင့်ထားပေမဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကြောင့် လူ့သမိုင်းမှာ အရှုပ်ထွေးဆုံး ကာလတစ်ခုကို ဖြတ်သန်းရနိုင်တယ်လို့ သတိပေးထားပါတယ်။
Ref : businessinsider




