၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ဥရောပသမဂ္ဂ (EU)၊ ယူကေ နဲ့ EFTA နိုင်ငံတွေမှာ မှတ်ပုံတင်ခဲ့တဲ့ ကားသစ်စုစုပေါင်းရဲ့ ၇၅ ဒသမ ၅ ရာခိုင်နှုန်းဟာ လျှပ်စစ်စွမ်းအင်သုံးကားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူတွေရဲ့ အသင်း (ACEA) က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ အဲဒီလအတွင်း ကားသစ်စီးရေ ၁ ဒသမ ၁၃ သန်းဝန်းကျင် မှတ်ပုံတင်ခဲ့ပြီး မနှစ်က အောက်တိုဘာလနဲ့ ယှဉ်ရင် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ကားအမျိုးအစားအလိုက် ကြည့်မယ်ဆိုရင် ဘက်ထရီသီးသန့်သုံး လျှပ်စစ်ကား မှတ်ပုံတင်မှုဟာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး ပလပ်ထိုးအားသွင်းရတဲ့ ဟိုက်ဘရစ်ကားတွေကတော့ ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ရိုးရိုးဟိုက်ဘရစ်ကားတွေကတော့ ၀ ဒသမ ၃ ရာခိုင်နှုန်း အနည်းငယ် ကျဆင်းသွားပါတယ်။ တစ်ဖက်မှာတော့ ဓာတ်ဆီကား မှတ်ပုံတင်မှုဟာ ၂၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဒီဇယ်ကားက ၃၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး အဲဒီကားနှစ်မျိုးပေါင်းဟာ ကားသစ်ဈေးကွက်ရဲ့ ၂၁ ဒသမ ၈ ရာခိုင်နှုန်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပဈေးကွက်ထဲမှာ တရုတ်ကားထုတ်လုပ်သူတွေရဲ့ အားကောင်းလာမှုကိုလည်း သိသိသာသာ တွေ့မြင်နေရပါတယ်။ BYD၊ Chery၊ Geely၊ SAIC၊ Leapmotor နဲ့ Xpeng စတဲ့ တရုတ်ထိပ်တန်းကားအမှတ်တံဆိပ် ၆ ခုရဲ့ စုစုပေါင်း ဈေးကွက်ဝေစုဟာ တစ်နှစ်အတွင်းမှာပဲ ၉ ရာခိုင်နှုန်းကနေ ၁၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ACEA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref : Technology Innovation




