အီတလီ နိုင်ငံရဲ့ အချက်အလက် ကာကွယ်ရေး အာဏာပိုင်တွေက သုံးစွဲသူတွေရဲ့ ဓာတ်ပုံတွေကို တိကျတဲ့ သဘောတူညီချက် မယူဘဲ ရယူခဲ့တဲ့အတွက် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို ယူရို ၈၀၅ သန်း (အမေရိကန်ဒေါ်လာ ၈၈၀ သန်း) ဒဏ်ရိုက်ခဲ့ပါတယ်။
Android ဖုန်းတွေမှာ အသုံးပြုတဲ့ Facebook အက်ပလီကေးရှင်းကနေတဆင့် အီတလီ သုံးစွဲသူတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဆက်စပ် အချက်အလက်တွေကို သေချာ အသိပေးခြင်း မရှိဘဲ ရယူခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒီပြစ်ဒဏ်ဟာ ၂၀၂၃ ခုနှစ်က စတင်ခဲ့တဲ့ ဖုန်း Gallery ထဲက ဓာတ်ပုံတွေကို Facebook ပေါ် တင်ဖို့ အကြံပြုတဲ့ လုပ်ဆောင်ချက်နဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။
Facebook ဟာ Gallery ကို ဝင်ရောက်ခွင့် တောင်းခံရာမှာ အဲဒီလုပ်ဆောင်ချက်အတွက် သီးခြား ခွင့်ပြုချက် မတောင်းဘဲ ယေဘုယျဆန်တဲ့ ခွင့်ပြုချက်ကိုသာ တောင်းခံခဲ့တာ ဖြစ်ပါတယ်။
Meta ကုမ္ပဏီဘက်ကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး အယူခံဝင်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒဏ်ကြေးပမာဏကို သတ်မှတ်ရာမှာ အီတလီနိုင်ငံမှာရှိတဲ့ Android အသုံးပြုသူ သန်း ၂၀ လောက် ထိခိုက်ခဲ့ရမှုနဲ့ ချိုးဖောက်မှု ကြာမြင့်ချိန်တွေကို ထည့်သွင်း စဉ်းစားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ Meta ဘက်က ပူးပေါင်းပါဝင်မှု မရှိတာကိုလည်း အာဏာပိုင်တွေက ထောက်ပြခဲ့ပါတယ်။ ဒီဒဏ်ကြေးငွေဟာ ၂၀၂၅ ခုနှစ်မှာ အမြတ်ငွေ ဒေါ်လာ ၆၀.၅ ဘီလီယံ ရရှိခဲ့တဲ့ Meta ကုမ္ပဏီရဲ့ တစ်နှစ်တာ ဝင်ငွေရဲ့ ၀.၄ ရာခိုင်နှုန်းခန့် ရှိပါတယ်။
Ref: Bangkokpost





